အင်ဂျင်ပေါက်ကွဲမှုဖြစ်ခဲ့သည့် လေယာဉ်တွင် လိုက်ပါလာသူများအား Southwest လေကြောင်းလိုင်းက တောင်းပန်ပြီး ငွေကြေးပေးအပ်

အင်ဂျင်ပေါက်ကွဲမှုဖြစ်ခဲ့သည့် လေယာဉ်တွင် လိုက်ပါလာသူများအား Southwest လေကြောင်းလိုင်းက တောင်းပန်ပြီး ငွေကြေးပေးအပ်
Published 22 April 2018

ဧပြီ ၁၈ ရက်က Southwest လေကြောင်းလိုင်းလေယာဉ်၏ ပေါက်ကွဲအင်ဂျင်ကို စစ်ဆေးနေသည့် အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့မှ စစ်ဆေးသူများကို တွေ့ရစဉ် (Photo: AFP)

အင်ဂျင်တစ်လုံးပေါက်ကွဲမှုကြောင့် ဖီလာဒဲဖီးယားတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် လေကြောင်းခရီးစဉ်တွင် လိုက်ပါခဲ့သည့် ခရီးသည်များထံ Southwest လေကြောင်းလိုင်းက တောင်းပန်စာ၊ တစ်ဦးချင်းစီထံ ဒေါ်လာ ၅၀၀၀ တန် ချက်လက်မှတ်တစ်စောင်၊ ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ ခရီးသွားလက်မှတ်တစ်စောင်စီကို ပေးပို့ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အလေးအနက်ထား တောင်းပန်မှုကို လက်ခံပေးပါ” ဟု ထိုမတော်တဆ ဖြစ်ပွားခဲ့မှုအပြီး နောက်တစ်ရက်အကြာ ဧပြီ ၁၈ ရက်နေ့စွဲဖြင့် ယင်းလေကြောင်းလိုင်းမှ ဥက္ကဋ္ဌဂါရီကယ်ရီက တောင်းပန်စာ ပို့ခဲ့ခြင်းဖြစ်သည်။

Southwest လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် နယူးယောက်မှ ဒါးလတ်စ်သို့ ဧပြီ ၁၇ ရက်တွင် ပျံသန်းနေစဉ် လေယာဉ်၏အင်ဂျင်တစ်လုံးသည် ပေါက်ကွဲခဲ့ပြီး ထိုအစအနများကြောင့် အတော်အသင့် ထိခိုက်ပျက်စီးခဲ့သည်။ နယူးမက္ကဆီကိုရှိ Albuquerque တွင် နေထိုင်သော အသက် ၄၃ နှစ်ရှိ ဘဏ်အမှုဆောင်တစ်ဦးဖြစ်သူ ဂျနီဖာရီယိုဒန်သည် ကွဲကြေခဲ့သော ပြတင်းပေါက်မှတစ်ဆင့် အပိုင်းအစ ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လေယာဉ်က ပြင်းပြင်းထန်ထန် လှုပ်ခါခဲ့ပြီး အရှိန်ဖြင့် ထိုးဆင်းနေစဉ် ခရီးသည်များက ထိုအမျိုးသမီးအား ကူညီနိုင်ရန် အပူတပြင်း ကြိုးပမ်းခဲ့ရကြောင်း သိရသည်။

ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ဒါးလတ်စ်မှ ခရီးသည်တစ်ဦးဖြစ်သူ မာတီမာတီနက်ဇ်က သူသည် ထိုချက်လက်မှတ်မှ ငွေကို ချက်ချင်းထုတ်ယူမည် မဟုတ်ဘဲ ရှေ့နေတစ်ဦးနှင့် ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားမှ ခရီးသည်တစ်ဦးဖြစ်သူ အီရစ်ဇီဘာ့တ်ကမူ သူသည် တောင်းပန်စာနှင့်ပတ်သက်၍ ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ရှေ့နေနှင့် တိုင်ပင်ခဲ့ပြီးနောက် ချက်လက်မှတ်မှ ငွေထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရီးသည် ၁၄၄ ဦး လိုက်ပါလာသော ထိုလေယာဉ်မှ အင်ဂျင်ပေါက်ကွဲရသည့် အကြောင်းရင်းကို အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးနေသည်။ ဒဏ်ရာများကြောင့် သေဆုံးခဲ့သူ ရီယိုဒန်အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်ကို Albuquerque တွင် ဧပြီ ၂၂ ရက်၌ ပြုလုပ်ခဲ့သည်။

Ref: AFP