မိုဘိုင်းဖုန်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုက ဆင်းရဲသားများထံသို့ ဘဏ်စနစ်အား ပို့ပေးနိုင်

မိုဘိုင်းဖုန်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မှုက ဆင်းရဲသားများထံသို့ ဘဏ်စနစ်အား ပို့ပေးနိုင်
Published 22 April 2018

၂၀၁၆ ခုနှစ် မတ် ၁ ရက်က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ရှိ ABSA ဘဏ်တစ်ခု၏ အပြင်ဘက်တွင် အမျိုးသမီးနှစ်ဦးကို တွေ့ရစဉ် (Photo: AP)

ကမ္ဘာကြီး၏ နေရာတိုင်းသို့ မိုဘိုင်းဖုန်းများ ပျံ့နှံ့သွားခြင်းသည် ဆင်းရဲနွမ်းပါးသူများ၊ ကျေးလက်ဒေသများထံသို့ ဘဏ်ဝန်ဆောင်မှုများကို ပို့ဆောင်ပေးပြီး လူနေမှုဘဝများ မြင့်တက်လာစေရန် အခွင့်အရေးတစ်ခု ဖြစ်လာကြောင်း ဧပြီ ၁၉ ရက်က ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ခုထဲတွင် ဖော်ပြခဲ့သည်။

ဘဏ်စာရင်းတစ်ခု ရှိခြင်းသည် အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အတွက် သုံးစွဲရန် စုဆောင်းတတ်သည့် အလေ့အထ ပိုများတတ်သော အမျိုးသမီးများအတွက် ပိုမိုကူညီပေးနိုင်သည်ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် လီယိုရာ ကလက်ပါက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အစိုးရအနေနှင့် ငွေပေးချေမှု ပုံစံကို ဒစ်ဂျစ်တယ်နည်းလမ်းသို့ ပြောင်းလဲခြင်းဖြင့် အဆိုပါ တိုးတက်မှုများကို လှုံ့ဆော်ပေးနိုင်မည် ဖြစ်သည်။ “သမာရိုးကျ ငွေကြေးဝန်ဆောင်မှုဟာ ကမ္ဘာ့ဆင်းရဲ မွဲတေမှုကို အမြစ်ဖြတ် သုတ်သင်ပြီး အထူးသဖြင့် အမျိုးသမီးတွေရဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှုကို ဖွံ့ဖြိုးစေမယ်ဆိုတာ ကျွန်မအနေနဲ့ ပြင်းပြင်းပြပြ ယုံကြည်ပါတယ်” ဟု ကလက်ပါက မေးမြန်းခန်းတစ်ခုအတွင်း ဖြေကြားခဲ့သည်။

ဘဏ်စာရင်းရှိသည့် အရွယ်ရောက်သူဦးရေမှာ ကြီးထွားလာသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီသလို အမျိုးသားနှင့် အမျိုးသမီးကြားတွင်မူ ကွာဟချက် ပိုမိုကြီးမားသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

နောက်ဆုံးရရှိထားသော Global Findex အချက်အလက်များအရ ၂၀၁၁ ခုနှစ်မှစပြီး ဘဏ်စာရင်းများ ရှိလာသည့် အရွယ်ရောက်သူ ၁ ဒသမ ၂ ဘီလျံရှိပြီး ၂၀၁၄ ခုနှစ်မှစပြီး ၅၁၅ သန်းရှိကြောင်း ကမ္ဘာ့ဘဏ်က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် ဘဏ်စာရင်းရှိသည့် အရွယ်ရောက်သူဦးရေသည် ၆၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

ငွေကြေးဝန်ဆောင်မှုနှင့် ထိတွေ့မှု ရှိလာကြသည့်အပိုင်း၌ အလွန်တရာ တိုးတက်မှုကြီးရှိနေကာ ဘဏ်စနစ်တွင် ပိုမိုပါဝင်မှု ရှိလာသော်လည်း အချို့သောနိုင်ငံများတွင် အမျိုးသမီးနှင့် ဆင်းရဲနွမ်းပါးသူများသည် နောက်ကျကျန်နေရစ်ဆဲဖြစ်သည်။

ကမ္ဘာတစ်ဝန်း၌ ဘဏ်စာရင်းရှိသည့် အမျိုးသားပမာဏမှာ ၇၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးပမာဏမှာ ၆၅ ရာခိုင်နှုန်းသာရှိသည်ဟု အချက်အလက်များထဲတွင် တွေ့ရသည်။ ထိုကဲ့သို့ ကျား၊ မကြားမှ ကွာဟချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုးရာခိုင်နှုန်းအထိ ရှိသည်ဟု သိရသည်။

ငွေကြေး အခွင့်အလမ်းများ အတွက် တိုးတက်မှုများစွာ ရှိလာကြောင်းနှင့် အမျိုးသမီး၊ လယ်သမား၊ ဆင်းရဲသူများ ပိုမိုပါဝင်၍ အသုံးပြုမှုများ တိုးမြှင့်လာစေရန်အတွက် မူဝါဒချမှတ်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့အတွက် အခွင့်အရေးကြီး ဖြစ်ကြောင်းကို ထိုအစီရင်ခံစာက ဖော်ပြသည်ဟု နယ်သာလန် မိဖုရား မက်စီမာက ပြောကြားခဲ့သည်။

“အလုံးစုံပါဝင်လာစေဖို့ ကြိုးပမ်းနေသရွေ့ ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုဟာဆက်ပြီး အရေးပါနေဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ မက်စီမာသည် ဘဏ္ဍာရေးကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာစေရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးထောက်ခံလှုပ်ရှားသူဖြစ်သည်။

နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှ အရွယ်ရောက်သူ ၁၅၀၀၀၀ကို မေးမြန်းထားသော ယခုအချက်အလက်ကြီးသည် မိုဘိုင်းဖုန်းနှင့် ဆက်စပ်သော အခွင့်အလမ်းနှင့် ပတ်သက်၍ ပထမဆုံး သတင်းစုဆောင်းခြင်း ဖြစ်သည်။ ယင်းအချက်အလက်အရ မိုဘိုင်းဖုန်း အသုံးပြုသော်လည်း ဘဏ်စာရင်းမရှိသည့် အရွယ်ရောက်သူ ဦးရေမှာ ၁ ဒသမ ၁ ဘီလျံရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် အထူးသဖြင့် အစိုးရက ဦးဆောင်လာပါက မိုဘိုင်းဖုန်းအကောင့်များမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများအား လက်လှမ်းမီနိုင်မှုများကို မြှင့်တင်ရန် အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာနိုင်သည်။

ဂေဟစနစ်တစ်ခု ဖန်တီးခြင်း

ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေခြင်းသည် ငွေသားကို ကိုင်ဆောင်စရာမလိုသဖြင့် ပိုမိုလုံခြုံမှုရှိပြီး ခြစားမှုနှင့် အခြားသော အမှုများမှတစ်ဆင့် ငွေကြေးများ ယိုစီးခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်ဟု ကလက်ပါက ဆိုသည်။ ဥပမာအားဖြင့် ယောက္ခမဖြစ်သူက ရလာသည့် လစာငွေသားများကို သိမ်းလေ့ရှိသည်ဟု ညည်းညူနေသော အမျိုးသမီးတစ်ဦးသည် ဒစ်ဂျစ်တယ်နည်းဖြင့် လစာရပြီးနောက် ယောက္ခမမှာ ထိုငွေများကို သိမ်းနိုင်ခြင်း မရှိတော့ပေ။

အစိုးရက ငွေပေးချေမှုများကို ဒစ်ဂျစ်တယ်နည်းသို့ ပြောင်းလိုက်ပါက ယင်းမှတစ်ဆင့် ဂေဟစနစ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ အဆိုပါ ဂေဟစနစ်ထဲတွင် ပုဂ္ဂလိကကဏ္ဍမှာ အကျိုးကျေးဇူးခံစားရမည်ဖြစ်ကာ လုပ်ခများပေးခြင်း၊ ငွေပေးချေမှုများကို ကောက်ယူပေးခြင်းတို့ဖြင့် ပိုမိုလုံခြုံစိတ်ချရပြီး၊ ပွင့်လင်းမြင်သာသည့်အပြင် အခွန်ကောက်ခံမှုကိုပါ တိုးတက်လာစေနိုင်ဖွယ်ရှိကြောင်း ကလက်ပါက ပြောကြားခဲ့သည်။

မိုဘိုင်းငွေကြေးအကောင့်များနှင့် ပတ်သက်ပြီး အရှေ့အာဖရိကသည် ဦးဆောင်သူတစ်ဦး ဖြစ်ခဲ့သည်။ နည်းပညာမှာ ပျံ့နှံ့သွားပြီ ၂၀၁၄ ခုနှစ်တွင် ယင်းကိုအသုံးပြုသည့် အရွယ်ရောက်သူဦးရေမှာ နှစ်ဆမြင့်တက်လာကာ ၂၁ ရာခိုင်နှုန်း ဖြစ်သွားသည်။ နောက်ဆုံးရ အချက်အလက်များတွင်မူ အိန္ဒိယသည် အများထက် သာလွန်တိုးတက်မှု ရှိနေသည်ကို တွေ့ရသည်။ အကြောင်းရင်းမှာမူ အစိုးရသည် ငွေပေးချေမှုများအတွက် ဘိုင်အို မက်ထရစ်စမတ်ကတ်သို့ ပြောင်းလဲလိုက်သောကြောင့်ဖြစ်ပြီး ဘဏ်စာရင်းပိုင်ဆိုင်သူဦးရေသည် ရုတ်ချည်းထိုးတက်လာခဲ့သည်။ ကျား၊ မကြားမှ ဘဏ်စာရင်းရှိမှုမှာလည်း ကျဉ်းမြောင်းသွားပြီး ခြောက်ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

Ref: AFP

Most Read

Most Recent