ကုလလုံခြုံရေးကောင်စီက ဆီးရီးယားအရေးကို ဆွီဒင်ရှိ လယ်တောအိမ်တွင် ဆွေးနွေးမည်

ကုလလုံခြုံရေးကောင်စီက ဆီးရီးယားအရေးကို ဆွီဒင်ရှိ လယ်တောအိမ်တွင် ဆွေးနွေးမည်
Published 22 April 2018

ဧပြီ ၂၁ ရက်က ဆွီဒင်တောင်ပိုင်း ဝိုင်စတက်ဒ်တွင် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် လာရောက်မည်ကို မီဒီယာများက စောင့်ဆိုင်းနေစဉ် (Photo: AFP)

ဆီးရီးယားပြည်တွင်းစစ်အား အဆုံးသတ်ရန်အတွက် သဘောထားအလွန်အမင်း ကွဲလွဲနေမှုကို ကျော်လွှားရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဧပြီ ၂၁ ရက်တွင် ဆွီဒင်တောင်ဘက်စွန်းရှိ ချောင်ကျသော လယ်တောအိမ်တစ်လုံးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နယူးယောက်ရှိ ကုလသမဂ္ဂတွင် အချေအတင်ဆွေးနွေးမှုများကို နှစ်စဉ်ပုံမှန် ပြုလုပ်နေကျဖြစ်သည့် လုံခြုံရေးကောင်စီသည် ယခုနှစ်တွင်မူ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် ဆွီဒင်၌ လွတ်လွတ်လပ်လပ် ဆွေးနွေးပွဲကျင်းပရန် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ တက်ရောက်ကြမည်ဖြစ်ပြီး ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စတက်ဖန်ဒီမစ်တူရာက တက်၊ မတက်ကိုမူ အတည်မပြုနိုင်သေးပေ။

ဆွေးနွေးပွဲကျင်းပသည့် ထိုလယ်တောအိမ်သည် ၁၉၆၁ ခုနှစ်တွင် အာဖရိက၌ လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် ကုလသမဂ္ဂ ဒုတိယမြောက်အတွင်းရေးမှူးချုပ် ဒက်ဟမ်မာရှိုး၏ နွေရာသီနေအိမ်ဖြစ်ကြောင်း သိရသည်။ ဘော်လ်တစ်ပင်လယ်မှ ခဲတစ်ပစ်စာအကွာအဝေးရှိ သီးသန့်မြေတစ်ခု၏ ဗဟိုချက်ရှိ ထိုနေအိမ်ဝင်းထဲ၌ အဆောက်အအုံလေးလုံးရှိပြီး မကြာသေးမီနှစ်များက အလုံးစုံပြုပြင်မွမ်းမံထားခဲ့ကြောင်း သိရသည်။

ထိုအိမ်၏ တောင်ဘက်အဆောင်တွင် နိုဘယ်စာပေဆု ချီးမြှင့်သော ဆွီဒင် အကယ်ဒမီအတွက် နွေရာသီဂေဟာရှိကြောင်း သိရသည်။

နယူးယောက်နှင့် ဒမတ်စကတ် နှစ်ခုစလုံးနှင့် ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာနေစဉ် လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်များကို ပိုမိုခိုင်မာစေရန်နှင့် ထိရောက်စေရန် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ဆွီဒင်အစိုးရက ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများအား ငြိမ်းချမ်းစွာ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးဖြတ်ချက်ချမှတ်ရန်တို့အတွက် ကာလရှည်ကြာ အစဉ်အလာရှိသော ဆွီဒင်တွင် ယင်းဆွေးနွေးပွဲကျင်းပရန် ဆုံးဖြတ်ချက်ကို ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ဝေါစထရွန်းက ကြိုဆိုဆိုခဲ့သည်။

ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့က ဆီးရီးယားအစိုးရအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တစ်ပတ်အကြာတွင် ပြုလုပ်သည့် ထိုဆွေးနွေးပွဲတွင် ဆီးရီးယားပြည်တွင်းစစ်အရေးသည် အဓိကအကြောင်းအရာ မဟုတ်နိုင်သော်လည်း မကြာသေးမီလများအတွင်း ကောင်စီအဖွဲ့ဝင်များအား သဘောထားနက်နက်ရှိုင်းရှိုင်း ကွဲပြားစေခဲ့သည့် ထိုပဋိပက္ခသည် အာဂျင်ဒါတွင် အရေးပါနေမည်ဖြစ်သည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရက ဓာတုလက်နက်စီမံကိန်းများအတွက် အသုံးပြုသည်ဟု စောဒကတက်ထားသည့် နေရာသုံးခုကို အနောက်တိုင်း အင်အားကြီးသုံးနိုင်ငံက ဧပြီ ၁၄ ရက်တွင် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

 

Most Read

Most Recent