နယူးယောက် မြို့တော်ဝန်က Central ဥယျာဉ်ထဲမှ ယာဉ်အသွားအလာများကို ပိတ်ပင်တော့မည်

နယူးယောက် မြို့တော်ဝန်က Central ဥယျာဉ်ထဲမှ ယာဉ်အသွားအလာများကို ပိတ်ပင်တော့မည်
Published 22 April 2018

ဧပြီ ၁၃ ရက်က နယူးယောက်မြို့ရှိ Central ဥယျာဉ်အတွင်း လာရောက်သူများဖြင့် စည်ကားနေသည်ကို တွေ့ရစဉ် (Photo: AFP)

နယူးယောက်၏ တန်ဖိုးထားမြတ်နိုးရသည့် Central ဥယျာဉ်ထဲ၌ ကားများကို မကြာမီတွင် ပိတ်ပင်သွားတော့မည်ဖြစ်ကြောင်း မြို့တော်ဝန်က ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့ကာ လေထုညစ်ညမ်းမှုလျှော့ချရေး၊ ကားများထက်လူများအား ဦးစားပေးရေး ကတိတစ်ခုကို ညွှန်းဆိုသွားခဲ့သည်။

အမေရိက၏ လူလာရောက်မှုအများဆုံး မြို့ပြဥယျာဉ်ဖြစ်သော Central ဥယျာဉ်သည် လာမည့်နှစ်တွင် သက်တမ်း နှစ် ၁၆၀ ပြည့်တော့မည်ဖြစ်သည်။

ထိုပိတ်ပင်မှုသည် ယခုစာသင်နှစ်ကုန်ဖြစ်သည့် ဇွန်လ ၂၇ ရက်တွင် စတင်မည်ဖြစ်ပြီး ဥယျာဉ်ထဲ၌ ကားမောင်းနှင်မှုများ အားလုံးကို သက်ရောက်မည်ဖြစ်ကာ ဥယျာဉ်၏လမ်းများအားလုံးမှာ လာရောက်သူ ၄၂ သန်းကျော်အတွက်သာ ဖြစ်တော့မည်ဟုဆိုသည်။ လက်ရှိအချိန်တွင်မူ ကြားရက်များအတွင်းမှ သတ်မှတ်ချိန်တွင် ကားများကို သွားလာခွင့်ပြုပေးထားသေးသည်။ ၈၄၃ ဧကကျယ်သော ဥယျာဉ်ကြီးကို ဖြတ်သွားကာ မန်ဟက်တန်၏ အရှေ့မှ အနောက်သို့ ဆက်ထားသည့် လမ်းလေးလမ်းမှာမူ ဖွင့်ထားမည်ဟု သိရသည်။ ထို့ပြင် အရေးပေါ် လူနာတင်ယာဉ်ကားသည် ထိုပိတ်ပင်မှုတွင် သက်ရောက်မည်မဟုတ်ပေ။

မန်ဟက်တန်ထဲမှ ယင်းဥယျာဉ်၏ မြောက်ပိုင်းရှိ ယာဉ်အသွားအလာများကို ၂၀၁၅ ခုနှစ်ကတည်းက ပိတ်ခဲ့ခြင်းဖြစ်ပြီး ယခုကြေညာချက်သည် ထိုပိတ်ပင်မှုကို ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဥယျာဉ်တွေဟာ လူတွေအတွက်ပါ။ ကားတွေအတွက် မဟုတ်ပါဘူး။ ရာစုနှစ်တစ်ခုကျော် ကာလအတွင်း ကားတွေဟာ ကမ္ဘာ့အမွှမ်းတင်ခံရဆုံး ဥယျာဉ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို အဝေးပြေးလမ်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အခုတော့ အဲဒီနေရာကို ကျွန်တော်တို့ ပြန်ယူလိုက်ပါပြီ” ဟု မြို့တော်ဝန် ဒီဘလာစီယိုက အဆိုပါပိတ်ပင်မှုကို ကြေညာရင်း ပြောကြားခဲ့သည်။ “ဥယျာဉ်ထဲကို အုပ်လိုက်ဝင်ရောက်လာတဲ့ သန်းပေါင်းများစွာသော မိဘတွေ၊ ကလေးတွေ၊ ဧည့်သည်တွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးကို ကျွန်တော်တို့ ဦးစားပေးလိုက်တာဖြစ်ပါတယ်” ဟု မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့သည်။

မြို့တော်ဝန်ဒီဘလာစီယိုသည် ၎င်း၏ Vision Zero အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယာဉ်တို့ကြောင့် လမ်းသွားလမ်းလာများ သေဆုံးဒဏ်ရာရရှိရသည့် ဖြစ်စဉ်များ လျှော့ချရေးကို ဦးစားပေးလုပ်ဆောင်နေခြင်းလည်းဖြစ်သည်။ ထိုအစီအစဉ်သည် အောင်မြင်မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က လမ်းမတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရသူ ဦးရေမှာ စံချိန်တင်အနည်းဆုံးဖြစ်ခဲ့သည်။

Most Read

Most Recent