ဇင်ဘာဘွေပါလီမန်က မူဂါဘီကို မေ ၉ ရက်တွင် လာရောက်ကြားနာရန် ဆင့်ခေါ်

ဇင်ဘာဘွေပါလီမန်က မူဂါဘီကို မေ ၉ ရက်တွင် လာရောက်ကြားနာရန် ဆင့်ခေါ်
Published 22 April 2018

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေး၌ ဇင်ဘာဘွေသမ္မတ မူဂါဘီကို တွေ့ရစဉ် (Photo: AFP)

ဒေါ်လာဘီလျံနှင့်ချီ တန်ဖိုးရှိသော စိန်ခြစားမှုနှင့်ပတ်သက်ပြီး မေ ၉ ရက်တွင် လာရောက် သက်သေထွက်ဆိုပေးရန် ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီကို ဇင်ဘာဘွေ ပါလီမန်ကော်မတီတစ်ခုက ဆင့်ခေါ်ထားကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် နိုင်ငံအား ၃၇ နှစ်ကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီးနောက် မူဂါဘီ၏ အာဏာလျော့ကျသွားခြင်းကို ထင်ရှားစေခဲ့သည်။

အသက် ၉၄ နှစ်ရှိပြီဖြစ်သည့် မူဂါဘီသည် ဇင်ဘာဘွေနိုင်ငံကို ၁၉၈၀ ပြည့်နှစ်ကတည်းက စတင်အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယမန်နှစ်က မူဂါဘီကို ၎င်း၏သစ္စာခံ ZANU-PF ပါတီကိုယ်တိုင်က ဆန့်ကျင်လာခဲ့ပြီး စစ်တပ်က အာဏာကို ခေတ္တထိန်းချုပ်ခဲ့ပြီးနောက်၌ မူဂါဘီလည်း ရာထူးမှ ဖြုတ်ချခံလိုက်ရသည်။

“သူသက်သေလာပြီး ထွက်ဆိုပေးဖို့ ကျွန်တော်တို့ မေ ၉ ရက်ကို ရက်သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၁၅ ဘီလျံတန်ဖိုးရှိတဲ့ စိန်တွေပျောက်သွားရခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီကို ရှင်းပြပေးဖို့ သမ္မတဟောင်း မစ္စတာမူဂါဘီကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်ပြီး သတ္တုတွင်းနှင့် စွမ်းအင်ဆိုင်ရာ ပါလီမန်ကော်မတီ အကြီးအကဲဖြစ်သူ တမ်ဘာမလီဆာဝါက အစိုးရသတင်းစာ Herald သို့ ဧပြီ ၂၀ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ခြစားမှုနှင့် နိုင်ငံခြားခေါင်းပုံဖြတ်မှုများကြောင့် ဇင်ဘာဘွေသည် စိန်ကဏ္ဍတွင် ဒေါ်လာ ၁၅ ဘီလျံ ဆုံးရှုံးခဲ့ရသည်ဟူ မူဂါဘီက ၂၀၁၆ ခုနှစ်တွင် ပြောခဲ့ဖူးသည်။ ကော်မတီမှ အမတ်များသည် မူဂါဘီကို ထိုပြောကြားချက်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ကြရန် စီစဉ်ထားသည်။

သို့သော် ကျန်မာရေးယိုယွင်းနေသည့် မူဂါဘီသည် ကော်မတီသို့ လာရောက်မည်လော၊ သို့မဟုတ် ဖိအားနှင့် စစ်ဆေးခံရမည့်အရေးကို ရှောင်လွှဲရန် လုပ်ဆောင်မည်လော ဆိုသည်မှာ မသေချာနိုင်သေးပေ။ ထို့ပြင် မူဂါဘီသည် အာဏာမှ ဆင်းလိုက်ရပြီးကတည်းက လူမြင်ကွင်းသို့ပေါ်မလာပေ။

“ပါလီမန်ဟာ ကြီးကြပ်ရေးတာဝန်ကို ထမ်းဆောင်နေတာဖြစ်တဲ့အတွက် ရလဒ်တွေကို ထုတ်ပြန်ပေးဖို့ မျှော်လင့်ပါတယ်” ဟု အတိုက်အခံပါတီ MDC မှ ပြောခွင့်ရပုဂ္ဂိုလ် အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ မူဂါဘီ၏ အစိုးရကိုယ်တိုင်က စိန်မှရသော အကျိုးအမြတ်များကို ကဲ့ဝှက်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

ပါလီမန်ကော်မတီသည် ထိုစိန်ကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဟောင်းများ၊ ရဲချုပ်ဟောင်းများအပါအဝင် အစိုးရဌာနအချို့မှ အကြီးအကဲများကို ဆင့်ခေါ်ခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နိုင်ငံအရှေ့ပိုင်းရှိ ချီယက်ဇွာတွင် အနည်ထိုင်စိန်များကို တွေ့ရှိခဲ့ကြသည်။ သို့သော် အစိုးရလုံခြုံရေးတပ်ဖွဲ့များသည် ပြန့်ကျဲတည်ရှိနေသော ယင်းစိန်များအား ထိန်းချုပ်ရန် ရက်စက်သော နည်းလမ်းများအား အသုံးပြုခဲ့ကြသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့များက စွပ်စွဲခဲ့ကြသည်။ ထိုဒေသမှ တရားမဝင်စိန်တူးသူများကို ဖယ်ရှားရန် စစ်ဆင်ရေးအတွင်း သေဆုံးသူ ၂၀၀ ကျော်ရှိသည်ဟု အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့တို့က ဆိုသည်။

ခိုးယူလုယက်မှု အများအပြားရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည့်ကြားမှ ဇင်ဘာဘွေ အစိုးရသည် ထိုနေရာတွင် မိုင်းတူးရန် စိန်ကုမ္ပဏီအချို့ကို ခွင့်ပြုခဲ့သည်။ ယင်းကုမ္ပဏီများအနက် အများစုမှာ တရုတ်လုပ်ငန်းများနှင့် ဇင်ဘာဘွေအစိုးရကြားမှ အကျိုးတူပူးပေါင်းရေး လုပ်ငန်းများဖြစ်သည်။

 

Most Read

Most Recent