မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများ ထပ်မံပြုလုပ်မည်မဟုတ်ဟု ကတိပြု

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားနှင့် ဒုံးစမ်းသပ်မှုများ ထပ်မံပြုလုပ်မည်မဟုတ်ဟု ကတိပြု
Published 22 April 2018

ဧပြီ ၂၁ ရက်က ဆိုးလ်မြို့ရှိ ဘူတာရုံတစ်ခုမှ ရုပ်မြင်သံကြားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သတင်းအား ပြသနေသည်ကို ကြည့်ရှုနေကြသူများ (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားစမ်းသပ်မှုများနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးများ ပစ်လွှတ်မှုများအား ရပ်တန့်သွားမည်ဟု ဧပြီ ၂၁ ရက်တွင် ကြေညာခဲ့သည်။ အလွန်အမင်း မျှော်လင့်နေကြသော ကင်နှင့် ထိပ်သီးမကျင်းပမီ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထိုကြေညာချက်အား ကြိုဆိုခဲ့သည်။ ဝါရှင်တန်က ကာလရှည်ကြာ ကြိုးပမ်းလာခဲ့သော ပြုံယမ်း၏ ထိုကြေညာချက်သည် ကိုရီးယားကျွန်းဆွယ်နှင့် တစ်ဝိုက်တွင် သံတမန်ရေးရာ စည်းချက်ညီ ကြိုးပမ်းမှု၌ အလွန်အမင်းအရေးပါသော အဆင့်တစ်ခုအဖြစ် ရှုမြင်ခံရသည်။

ကိုရီးယားကျွန်းဆွယ်အား ပိုင်းခြားထားသော စစ်မဲ့ဇုန်တွင် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် ထိပ်သီးမစတင်မီ တစ်ပတ်ပင် မလိုတော့ချိန်၌ ကင်၏ ယခုကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ပြုံယမ်းသည် နျူကလီးယားလက်နက်များ သို့မဟုတ် အမေရိကန်ကုန်းတွင်းပိုင်းအထိ ရောက်နိုင်သည့် ဒုံးများအား စွန့်လွှတ်ရန် ဆန္ဒရှိ၊ မရှိ ကိုမူ ကင်က ထည့်သွင်းမပြောခဲ့ပေ။

မြောက်ကိုရီးယားသည် ဒုံးများတွင် တပ်ဆင်နိုင်ရန် ထိပ်ဖူးများကို အရွယ်အစား ချုံ့နိုင်ခဲ့မှုအပါအဝင် နျူကလီးယားလက်နက်များအား အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် နျူကလီးယားစမ်းသပ်မှု၊ တာလတ်ပစ်နှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများအား စမ်းသပ်မှုများသည် လတ်တလောတွင် DPRK အတွက်မလိုအပ်ကြောင်း ကင်က မြောက်ကိုရီးယား၏ တရားဝင် အမည်အတိုကောက်ကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ပြီးခဲ့သောနှစ် နိုဝင်ဘာနောက်ပိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိသော နျူကလီးယားစမ်းသပ်မှုများနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးများ ပစ်လွှတ်မှုများကို ဧပြီ ၂၁ ရက်မှစတင်၍ ရပ်ဆိုင်းရန်၊ နျူကလီးယား စမ်းသပ်သည့်နေရာ Punggyeri ကို စမ်းသပ်မှုအဆုံးသတ်ကြောင်း ပွင့်လင်းမြင်သာစွာ အာမခံနိုင်ရန်အတွက် ဖျက်သိမ်းရန် အလုပ်သမားပါတီက ဆုံးဖြတ်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

ထိုကြေညာချက်ထွက်ပေါ်အပြီး မိနစ်ပိုင်းအတွင်း ထရန့်က မြောက်ကိုရီးယားနှင့် ကမ္ဘာကြီးအတွက် အလွန်ကောင်းမွန်သော သတင်းဖြစ်ပြီး ကြီးမားသောတိုးတက်မှုဖြစ်ကြောင်း၊ ၎င်းတို့၏ထိပ်သီးကို မျှော်လင့်ကြောင်း Twitter တွင် ရေးသားခဲ့သည်။ ထိုကြေညာမှုသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုဖြစ်ကြောင်း ဆိုးလ်ကလည်း ကြိုဆိုခဲ့သည်။ ၎င်း၏ပိုင်နက်ကိုကျော်၍ ဒုံးပစ်လွှတ်မှုအား ကြုံတွေ့ခဲ့ရသည့် ဂျပန်က ပြုံယမ်း၏ကတိပြုမှုကို အားမရကြောင်း ထုတ်ပြန်ခဲ့ပြီး တိုကျိုကို ပစ်ခတ်နိုင်သည့် တာတို သို့မဟုတ် တာလတ်ပစ်ဒုံးများနှင့် ပတ်သက်၍ မြောက်ကိုရီးယားက ရည်ညွှန်းခဲ့ခြင်းမရှိမှုကို ထောက်ပြခဲ့သည်။

ယင်းကြေညာမှုကို ကြိုဆိုရမည်ဖြစ်သော်လည်း ပြုံယမ်းသည် ၎င်းင်း၏ နျူကလီးယား စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားရန် စိတ်ပိုင်းဖြတ်ထားဖွယ်ရှိကြောင်း လေ့လာသူများက သတိပေးခဲ့ကြသည်။

Most Read

Most Recent