စစ်မှုထမ်းဟောင်းများ ပင်စင်လျှော့ချမှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်ဥပဒေပြုအမတ်များ ပါလီမန်တွင် ရန်ပွဲဖြစ်

စစ်မှုထမ်းဟောင်းများ ပင်စင်လျှော့ချမှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်ဥပဒေပြုအမတ်များ ပါလီမန်တွင် ရန်ပွဲဖြစ်
Published 21 April 2018

ဧပြီ ၂၀ ရက်က တိုင်ပေပါလီမန်အတွင်း အာဏာရ DPP ပါတီအမတ်များနှင့် ကူမင်တန်ပါတီအမတ်တို့ တွန်းထိုးသတ်ပုတ်နေကြသည်ကို တွေ့ရစဉ် (Photo: AFP)

စစ်မှုထမ်းဟောင်းများ၏ ပင်စင်များကို လျှော့ချရန် အကြံပြုမှုအတွက် ထိုင်ဝမ် ဥပဒေပြုအမတ်များသည် ဧပြီ ၂၀ ရက်တွင် ပါလီမန်ထဲ၌ ရန်ပွဲထဖြစ်ခဲ့သည်။ ယခုလ အစောပိုင်းတွင် အစိုးရအကြံပြုထားသော ဥပဒေကြမ်းကို ပါလီမန်တွင် ပထမဆုံးအကြိမ် ဆွေးနွေးမှု၌ ရန်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။      စစ်မှုထမ်းဟောင်းများကို ပင်စင်လျှော့ ချမည့်အစီအစဉ်ကြောင့် ဖေဖော်ဝါရီလတွင်  ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ဗိုလ်မှူး ကြီးဟောင်းတစ်ဦးသည် ဆန္ဒပြမှုတွင် နံရံသို့ ခုန်တက်စဉ် ပြုတ်ကျခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့သဖြင့် ဆန္ဒပြမှုသည် ကြေကွဲဖွယ်ဖြစ်ရပ်နှင့် အဆုံးသတ်ခဲ့ရသည်။

ပါလီမန်တွင် ဧပြီ ၂၀ ရက် ဆွေးနွေးမှု၌  အတိုက်အခံကူမင်တန်ပါတီမှ ဥပဒေပြုအမတ်များသည် စစ်မှုထမ်းဟောင်းများကို သမ္မတဆန်အင်းဝမ်က တောင်းပန်ရန် ကတ်ပြားများ ကိုင်ဆောင်ဆန္ဒပြခဲ့သည်။

အော်ဟစ်တွန်းထိုးခဲ့ကြသော အတိုက်အခံပါတီအမတ်များက စားပွဲများပေါ်ခုန်တက်ခဲ့ကြပြီး သမ္မတဆန်အင်းဝမ်၏ ဒီမိုကရက်တစ်ပါတီ (DPP)မှ အမတ်များနှင့် တွန်းထိုးသတ်ပုတ်ခဲ့ကြသည်။ ပင်စင်လျှော့ချ ရေးကို ကန့်ကွက်ဆန္ဒပြခဲ့သော ရာထူးကြီး စစ်မှုထမ်းဟောင်းများသည် လောဘကြီးသူ များဖြစ်ကြောင်း ပြောကြားခဲ့မှုအတွက် DPP ၏ ဥပဒေပြုအမတ် ထွမ်ယီကန်က တောင်းပန်ရန် ကူမင်တန်ဥပဒေပြုအမတ်များက တောင်းဆိုခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်က ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာခဲ့သော ဆန်အင်းဝမ်အတွက် ပင်စင်လျှော့ချရေးနှင့်ပတ်သက် သည့် ဆန့်ကျင်ခံရမှုများသည် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

အရပ်ဘက်ဝန်ထမ်းများကို ပစ်မှတ် ထားသည့် ပင်စင်ပြောင်းလဲမှုဥပဒေကို ယမန်နှစ်ဇွန်လက သီးခြားပြဋ္ဌာန်းအတည်ပြု ခဲ့ပြီးဖြစ်သည်။  ပြုပြင်ပြောင်းလဲမှုများသည် လူအများအပြားကို မကျေမနပ်ဖြစ်စေခဲ့ကြောင်း ယခုလအစောပိုင်းက ရုပ်သံအင်တာဗျူးတစ်ခုတွင် သမ္မတဆန်က ဝန်ခံထားသည်။ သို့သော်လည်း ပင်စင်စနစ် ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ပြောင်းလဲမှုများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆန်အင်းဝမ်က ပြောကြားထားသည်။

ထိုင်ဝမ်၏ ပင်စင်စနစ်သည် အလုပ်အကိုင်အမျိုးမျိုးအတွက် ခွဲခြားထားပြီး အစိုးရ ကဏ္ဍမှ အငြိမ်းစားများသည် အခြားကဏ္ဍမှ အလုပ်သမားများထက် ပင်စင်ပို၍ရရှိကြသည်။ လက်ရှိစနစ်ကို အလုံးစုံမပြုပြင်ပါက ၂၀၂၀ ပြည့်နှစ်ခန့်တွင် ပင်စင်ရန်ပုံငွေများ ဒေဝါလီခံသွားရနိုင်ကြောင်း အစိုးရက သတိ ပေးထားသည်။

အစိုးရဝန်ထမ်းများနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၏ စုဆောင်းငွေအပေါ် အတိုးနှုန်း ၁၈ ရာခိုင်နှုန်းပေးနေမှုကိုလည်း အဆင့်လိုက်ဖျက်သိမ်းမည်ဟုအစိုးရက အကြံပြုထားသည်။ ၂၀၁၆ ခုနှစ်တွင် သမ္မတ ဖြစ်လာခဲ့ပြီးနောက် ဆန်အင်းဝမ်သည် အငြင်းပွားဖွယ် ပြုပြင်ပြောင်းလဲမှုအများအပြားကို ဆောင်ရွက်ခဲ့သည်။

ထိုင်ဝမ်တွင် ပါလီမန်အစည်းအဝေးများ၌ သတ်ပုတ်မှုများသည် ဖြစ်လေ့ရှိပြီး ဥပဒေပြုအမတ်များက အာရုံစိုက်ခံရမှုအတွက် ဆောင်ရွက်ကြခြင်းဖြစ်ကာ ပြင်းထန်သော ဒဏ်ရာရမှုများဖြစ်ခဲ့သည်။

Most Read

Most Recent