ပလေးဘွိုင်းမော်ဒယ်က ထရန့်နှင့်ဆက်ဆံရေးကို လွတ်လပ်စွာ ပြောဆိုခွင့်ရရှိ

ပလေးဘွိုင်းမော်ဒယ်က ထရန့်နှင့်ဆက်ဆံရေးကို လွတ်လပ်စွာ ပြောဆိုခွင့်ရရှိ
Published 20 April 2018

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အကြောင်းဖော်ပြထားသည့် National Enquirer မဂ္ဂဇင်းကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၂ က ရိုက်ကူးထားသောဓာတ်ပုံ (Photo: AP)

နောင်တွင် အမေရိကန်သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရန့်နှင့် အချစ်ဇာတ်လမ်း ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ကြောင်း ပြောကြားထားသည့် ပလေးဘွိုင်းမော်ဒယ်ဟောင်း ကာရင်မက်ဒေါ်ဂယ်သည် သူနှင့်ထရန့်တို့၏ အချစ်ဇာတ်လမ်းကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ဧပြီ ၁၈ ရက်တွင် အမေရိကန် အများကြိုက်သတင်းစာထုတ်ဝေသူ American Media Inc., (AMI) နှင့် သဘောတူညီမှုရရှိခဲ့သည်။

National Enquirer ကို ထုတ်ဝေသူ AMI သည် မက်ဒေါ်ဂယ်၏ အချစ်ဇာတ်လမ်းအတွက် မူပိုင်ခွင့်ကို ဒေါ်လာ ၁၅၀၀၀၀ ဖြင့် ၂၀၁၆ ခုနှစ်တွင် ရယူထားခဲ့သည်။ ယင်းသဘောတူညီချက်အား ရုပ်သိမ်းပေးရန် မက်ဒေါ်ဂယ်က ပြီးခဲ့သည့်လတွင် ကယ်လီဖိုးနီးယား၌ တရားရင်ဆိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် သူနှင့်အချစ်ဇာတ်လမ်းရှိခဲ့သော အမျိုးသမီးများကို ထရန့်က ငွေပေးနှုတ်ပိတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ရင်ဆိုင်နေရသည့် ထရန့်က မက်ဒေါ်ဂယ်နှင့် ပတ်သက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ထရန့်၏ဇနီး မီလာနီယာထရန့်သည် သားဖြစ်သူ ဘာရွန်ကို မွေးဖွားခဲ့သည့် ၂၀၀၆ ခုနှစ်မှစပြီး ထရန့်နှင့် ၁၀ လကြာ အချစ်ဇာတ်လမ်းရှိခဲ့ကြောင်း မက်ဒေါ်ဂယ်က ပြောကြားထားသည်။ AMI သည် ၂၀၁၆ ခုနှစ်တွင် မက်ဒေါ်ဂယ်၏ အချစ်ဇာတ်လမ်းအား မူပိုင်ခွင့်ရယူခဲ့ပြီး အပြန်အလှန် အနေဖြင့် ဒေါ်လာ ၁၅၀၀၀၀ နှင့် မက်ဒေါ်ဂယ်၏ ကာယကြံ့ခိုင်ရေး အလုပ်အကိုင် တိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးရန် သဘောတူခဲ့သည်။ သို့သော်လည်း AMI သည် မက်ဒေါ်ဂယ်၏ အချစ်သတင်းအား ဖော်ပြခဲ့ခြင်း မရှိပေ။

AMI နှင့်ရရှိခဲ့သော သဘောတူညီချက်အရ မက်ဒေါ်ဂယ်သည် သူနှင့်ထရန့်တို့၏ အချစ်ဇာတ်လမ်းကို လွတ်လပ်စွာ ပြောခွင့်ရမည်ဖြစ်ပြီး ထိုအကြောင်းအား ဖော်ပြမှုမှရရှိသော အကျိုးအမြတ်မှန်သမျှမှ ဒေါ်လာ ၇၅၀၀၀ အထိ ရရှိမည်ဖြစ်ကြောင်း AMI က ပြောကြားခဲ့သည်။

Men's Journal မဂ္ဂဇင်း၏ ၂၀၁၈ ခုနှစ် စက်တင်ဘာထုတ်တွင် မက်ဒေါ်ဂယ်၏အကြောင်း ဆောင်းပါးရှည်တစ်ပုဒ် ပါဝင်မည်ဖြစ်ကြောင်း AMI က ပြောကြားခဲ့သည်။ မက်ဒေါ်ဂယ်က သူ၏ ဇာတ်လမ်းကို အဖြစ်မှန်အတိုင်း ပြောခွင့်ရသည့်အတွက် စိတ်သက်သာရာရကြောင်းနှင့် သူ၏ ပုဂ္ဂလိက ဘဝကို ပုံမှန်ပြန်လည်ရပ်တည်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ထရန့်နှင့် ပတ်သက်သည့် တရားဝင်သော စာနယ်ဇင်းဆိုင်ရာ မေးမြန်းမှုများကို မက်ဒေါ်ဂယ်က ထုတ်ဖော်ပြောခွင့်ရမည်ဖြစ်ကြောင်း AMI က ပြောကြားခဲ့သည်။ AMI ၏ဥက္ကဋ္ဌ ဒေးဗစ်ပက်ကာက ထရန့်ကိုသူနှင့် ရင်းနှီးသူတစ်ဦးဟု ထုတ်ဖော်ပြောကြားထားသည်။ AMI သည် သူ၏အချစ်ဇာတ်လမ်းသတင်းအတွက် နှုတ်ပိတ်ရန် လှည့်စားခဲ့ကြောင်း၊ ထို့ပြင် ထရန့်၏ ပုဂ္ဂိုလ်ရေးရှေ့နေ မိုက်ကယ် ကိုဟင်သည် ယင်းသတင်းအတွက် မလျော်မကန် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း မက်ဒေါ်ဂယ်က စွပ်စွဲထားသည်။

ထရန့်သည် အပြာရုပ်ရှင်မင်းသမီး ဒန်နီရယ်နှင့်လည်း တရားရင်ဆိုင်နေရသည်။ ဒန်နီရယ်က သူသည် ၂၀၀၆ ခုနှစ်တွင် ထရန့်နှင့် တစ်ညတာ ဆက်ဆံမှုရှိခဲ့သည်ဟု ပြောကြားထားသည်။ ယင်း လိင်ဆက်ဆံမှုနှင့် ပတ်သက်ပြီး ထရန့်နှင့် သူ၏ရှေ့နေကိုဟင်တို့က နှုတ်ပိတ်ရန် ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ကြောင်း ဒန်နီရယ်က စွပ်စွဲထားသည်။ အိမ်ဖြူတော်က ထရန့်သည် ဒန်နီရယ်နှင့် လိင်ဆက်ဆံခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

Ref: APF

Most Read

Most Recent