တရုတ်က ကြီးမားသော လေသန့်စင်ရေး ကိရိယာကြီးဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်မည်

တရုတ်က ကြီးမားသော လေသန့်စင်ရေး ကိရိယာကြီးဖြင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်မည်
Published 20 April 2018

ရှီးယန်မြို့ရှိ လေသန့်စက်တာဝါကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ က ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

တရုတ်သည် ၎င်းတို့၏ကြီးမားလှသော လေထုညစ်ညမ်းမှုပြဿနာကို တွန်းလှန်ရန် ဆန်းသစ်သောနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိထားကြသည်။ ယင်းမှာမူ မီးခိုးထူသော မြို့တစ်မြို့၏ အလယ်တွင် စက်ရုံမီးခိုးခေါင်းတိုင် အရွယ်အစားရှိသည့် လေသန့်စင်ရေး ကိရိယာကြီးတစ်ခုကို ထားရှိရေးဖြစ်သည်။ နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ်၏ ဒေသဆိုင်ရာ မြို့တော်ရှီးယန်၌ရှိသော မီတာ ၆၀ (၁၉၇ ပေ) အမြင့်ရှိ ထိုလေသန့်စင်ရေး ကိရိယာကြီးသည် စက်ရုံခေါင်းတိုင်များမှ အနက်ရောင်မီးခိုးများ ထုတ်လွှတ်သကဲ့သို့ သန့်စင်သောလေများကို ထုတ်လွှတ်မည်ဟု သိရသည်။

အထပ်မြင့်အဆောက်အအုံကြီးများ ကြားတွင်တည်ရှိနေသော အဆိုပါကိရိယာတာဝါတိုင်ကြီးသည် ရာသီဥတုအခြေအနေနှင့် လေထုညစ်ညမ်းမှုအဆင့်အပေါ် မူတည်၍ နေ့စဉ်လေကုဗမီတာ ငါးသန်းမှ ၁၈ သန်းကြား သန့်စင်ပေးနိုင်ကြောင်း တရုတ်ဝက်ဘ်ဆိုက် Thecover.cn. တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်အရ သိရသည်။

ထို့ပြင် ယင်းကိရိယာသည် ၁၀ စတုရန်း ကီလိုမီတာတိုင်း PM 2.5 သိပ်သည်းမှုကို ၁၀ မှ ၁၉ ရာခိုင်နှုန်း လျှော့ချပေးနိုင်သေးသည်။ PM 2.5 ဆိုသည်မှာ လေနှင့်အတူ လွင့်ပါနိုင်ပြီး ကျန်းမာရေးအတွက် ဒုက္ခအပေးနိုင်ဆုံးဟု ယူဆခံထားရသော သေးငယ်သည့် အမှုန်များဖြစ်သည်။ ယင်းအမှုန်များသည် နှလုံးရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ အဆုတ်ရောဂါများဖြစ်ပွားစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လက တည်ဆောက်ခဲ့သည့် လေသန့်စင်ရေးကိရိယာကြီးသည် လက်ရှိတွင် စမ်းသပ်ဆဲအဆင့်တွင်သာ ရှိသေးသည်။ ဒီဇိုင်နာများကမူ မြို့အနှံ့တွင် အလားတူတာဝါကြီးများကို ထားရှိနိုင်ရန် မျှော်လင့်နေကြသည်။ တရုတ်သိပ္ပံအကယ်ဒမီမှ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ချောင်ကျွင်ကျိက စတုရန်းကီလိုမီတာ ၁၀၀၀ (၃၈၅ စတုရန်းမိုင်) ရှိသောမြို့ကို လွှမ်းခြုံနိုင်ရန်အတွက် အလားတူ လေသန့်စင်ရေးတာဝါတိုင် ၁၀၀ ကို ထားရှိသွားမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

လူအများက ထိုကိရိယာကြီး၏ အသုံးဝင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြရာ၌ ၎င်းက “ကျွန်တော်လည်း အရင်က သံသယဝင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးစီးသွားတဲ့အချိန်မှာတော့ ရလဒ်ဟာ အတော်အတန် ကောင်းမွန်နေပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကိုလည်း ပြည့်မီပါတယ်” ဟုဖြေကြားခဲ့သည်။

တရုတ်အစိုးရသည် ၂၀၁၄ ခုနှစ်က လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် စစ်ကြေညာခဲ့သည်။ တရုတ်ရှိ ဒေသအများအပြားမှ လေထုညစ်ညမ်းမှုအခြေအနေမှာ အလွန်တရာဆိုးရွားနေပြီး ရံဖန်ရံခါတွင် လူတို့သည် လမ်းထွက်ရန် မျက်နှာဖုံးတပ်ဆင်ခြင်း၊ ဈေးကြီးသော လေသန့်စင်စက်များကိုဝယ်၍ နေအိမ်များ၌ တပ်ဆင်ခြင်းတို့ ပြုလုပ်ကြရသည်။ တရုတ်၏ လေအရည်အသွေးသည် ၂၀၁၇ ခုနှစ်တွင် တိုးတက်ခဲ့ပြီး မြို့ ၃၃၈ မြို့၌ PM 2.5 သည် ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

Most Read

Most Recent