ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ရမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား

ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်ရမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား
Published 20 April 2018

ဆိုးလ်မြို့တော်ခန်းမတွင် ဧပြီ ၁၈ က ကိုရီးယားကျွန်းဆွယ် ပုံဖော်ထားသောလက်များကို ပြသထားစဉ် (Photo: AFP)

ကိုရီးယားစစ်ပွဲ တရားဝင် နိဂုံးချုပ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် လာမည့်သီတင်းပတ်တွင် တွေ့ဆုံမည့် မွန်းက “၆၅ နှစ်ကြာအောင် တည်ရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်ကို အဆုံးသတ်ရပါမယ်။ စစ်ပွဲပြီးဆုံးကြောင်း ကြေညာပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးဖို့ ဆောင်ရွက်ရပါမယ်” ဟု အိမ်ပြာတော်တွင် မီဒီယာကုမ္ပဏီများ၏ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် မဟုတ်ဘဲ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ဖြင့် အဆုံးသတ်ထားသောကြောင့် ကိုရီးယား နှစ်နိုင်ငံကြားတွင် စစ်ပွဲက ရှိနေဆဲဖြစ်သည်။

ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စွန့်လွှတ်ရေးအပေါ်တွင် မူတည်နေမည်ဟု မွန်းက ပြောကြားခဲ့သည်။

“ကိုရီးယားထိပ်သီးဆွေးနွေးပွဲဖြစ်ဖြစ် မြောက်ကိုရီးယား အမေရိကန်ထိပ်သီးဆွေးနွေးပွဲဖြစ်ဖြစ် နျူကလီးယားဖျက်သိမ်းရေးကို ဦးတည်ခဲ့မယ်ဆိုရင် ငြိမ်းချမ်းတဲ့ အစိုးရတစ်ရပ်ဖန်တီးရေး၊ မြောက်ကိုရီးယား အမေရိကန်ဆက်ဆံရေး တည်ငြိမ်ရေး၊
မြောက်ကိုရီးယားစီးပွားရေး တိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာက အကူအညီပေးရေး စတာတွေအတွက် လက်တွေ့သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ခက်ခဲလွန်းမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု မွန်းက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို ယုံကြည်လက်ခံထားကြောင်း ပြောကြားထားသည်ဟု တောင်ကိုရီးယားနှင့် တရုတ်တာဝန်ရှိသူများက ဆိုထားသည်။ တောင်ကိုရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးနှင့် လုံခြုံရေး မဟာမိတ်ကို ဝါရှင်တန်၏ နျူကလီးယား ထီးမိုးပေးထားမှု ဖယ်ရှားရေးတို့အတွက် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးသည် အဓိက သတ်မှတ်ချက်ဖြစ်သည်။

အမေရိကန်က မြောက်ကိုရီးယားကို နျူကလီးယားအလုံးစုံ ဖျက်သိမ်းရန်၊ ယင်း ဖျက်သိမ်းမှု တည်တံ့ရန်နှင့် နောက်ကြောင်းပြန်မလှည့်ရန်အတွက် အာမခံချက် လိုလားနေသည်။ ကိုရီးယား ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးသည် ရှုပ်ထွေးမှုများ မြင့်မားနေဦးမည်ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်တွင် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂတပ်ဖွဲ့ခွဲ၊ တရုတ်နှင့် မြောက်ကိုရီးယားတို့က လက်မှတ်ရေးထိုးထားပြီး တောင်ကိုရီးယားက လက်မှတ်မထိုးထားပေ။ ပြုံယမ်းနှင့် ဆိုးလ်တု့ိက ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားပြီး ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အသိအမှတ်ပြုရန် လိုက်နာရမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent