ကျူးဘားက ကက်စထရို ခေတ်လွန်ကာလအတွက် သမ္မတသစ် ရွေးချယ်

ကျူးဘားက ကက်စထရို ခေတ်လွန်ကာလအတွက် သမ္မတသစ် ရွေးချယ်
Published 20 April 2018

ကျူးဘားအစိုးရမီဒီယာ Cubadebate က ထုတ်ပြန်ခဲ့သော ဓာတ်ပုံတွင် ဧပြီ ၁၈ က အမျိုးသားလွှတ်တော်သို့ ဝင်ရောက်လာသော ရာအူးကက်စထရို(ဝဲ)နှင့် ဆက်ခံသူသမ္မတ ဒီယက်ကာနယ်(ယာ)တို့ကို တွေ့ရစဉ် (Photo: AP)

ကျူးဘားအစိုးရသည် ဧပြီ ၁၉ ရက်က အသက် ၅၇ နှစ်အရွယ် ပထမဒုတိယသမ္မတ မီဂွယ်မာရီယိုဒီယက်ကာနယ်ဘာမြူဒက်ကို သမ္မတ ရာအူးကက်စထရိုအား ဆက်ခံသူသမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ကျူးဘား၏အစိုးရအဖွဲ့တွင် ဆယ်စုနှစ်ခြောက်ခုကြာ နီးပါးအတွင်း ကက်စထရိုမိသားစုဝင် မဟုတ်သူတစ်ဦးက ပထမဆုံးအကြိမ်အဖြစ် သမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဒီယက်ကာနယ်ကို အမျိုးသားလွှတ်တော်က သမ္မတအဖြစ် တစ်ညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ အသက် ၈၆ နှစ်အရွယ် ကက်စထရိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် အဆင့်မြင့်ဆုံး လမ်းညွှန်သူ ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ကက်စထရိုသည် လောလောဆယ်တွင် ကျူးဘား၏ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရှိနေမည်ဖြစ်သည်။

ကက်စထရိုက သမ္မတရာထူးမှထွက်ခွာမှုသည် ကျူးဘားအတွက် အပြောင်းအလဲဆန်သော အခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ် ၆၀ အတွင်း ကျူးဘားကို တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုနှင့် ညီဖြစ်သူ ရာအူးကက်စထရိုတို့က အုပ်ချုပ်ခဲ့ကြသည်။ ကျန်းမာတက်ကြွနေဆဲဖြစ်သော်လည်း ရာအူးကက်စထရိုသည် အစိုးရ၏အာဏာကို ချုပ်ကိုင်ထားမှုအား ထိန်းသိမ်းနိုင်မည့် ခေါင်းဆောင်သစ်များကို နေရာပေးလိုသောကြောင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားခြင်းဖြစ်သည်။

ကျူးဘားသည် စီးပွားရေးတုံ့နှေးနေပြီး သက်ကြီးရွယ်အို လူဦးရေများပြားလာမှုနှင့် လူငယ်မျိုးဆက်သစ်များကြား မကျေနပ်မှု မြင့်မားလာခြင်းတို့ကို ရင်ဆိုင်နေရသည်။ သမ္မတသစ် ဒီယက်ကာနယ်သည် ယခင်က ခပ်လျှိုလျှိုနေထိုင်သူဖြစ်ပြီး ယခုနှစ်အတွင်းတွင် အစိုးရမီဒီယာများ၌ တိုးမြှင့်ဖော်ပြလာမှုများကြောင့် ၎င်း၏ပုံရိပ်သည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဒီယက်ကာနယ်သည် ကျူးဘားအလယ်ပိုင်း ဗီလာကလာရာပြည်နယ်မှဖြစ်ပြီး ယင်းပြည်နယ်မှ သူများက ဒီယက်ကာနယ်သည် အလုပ်ကြိုးစားပြီး ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သူတစ်ဦးဖြစ်ကြောင်း ပြောကြားကြသည်။ ဒီယက်ကာနယ်သည် ၂၀၀၉ ခုနှစ်တွင် ဒုသမ္မတမဖြစ်မီက အဆင့်မြင့်ပညာရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

မကျန်းမမာဖြစ်နေသော အစ်ကိုဖြစ်သူထံမှ ၂၀၀၆ ခုနှစ်၌ အာဏာလွဲယူခဲ့ပြီးနောက် နှစ်နှစ်အကြာ ရာအူးကက်စထရိုသည် ကျူးဘား၏ ပုဂ္ဂလိကကဏ္ဍအား ချဲ့ထွင်ရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ထုတ်လုပ်နိုင်စွမ်း နိမ့်ကျနေသော နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရက ဦးစီးလုပ်ကိုင်သည့် စီးပွားရေးစနစ်ကို ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။ ဆိုဗီယက်ပုံစံ ကျူးဘားဗျူရိုကရေစီသည် ကျူးဘားလေးဦးတွင် သုံးဦးကို အလုပ်အကိုင်ပေးထားသော နယ်ပယ်ဖြစ်သည်။ အစိုးရအလုပ်အကိုင်များ၏ လစာများသည် တစ်လလျှင် ဒေါ်လာ ၃၀ သာ ပျမ်းမျှရှိပြီး အလုပ်သမားများသည် မိသားစုကို ထောက်ပံ့ရန်အတွက် ရုန်းကန်နေရသည်။ ခြစားမှုနှင့် ပြည်ပရှိ ဆွေမျိုးတို့မှ ပြန်ပို့သော ငွေများကို ကျူးဘားတို့ မှီခိုနေကြရသည်။

Most Read

Most Recent