ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးပွဲသည် အကျိုးမရှိဟု ထင်ရှားလျှင် နောက်ဆုတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ဟု ထရန့်က ပြောကြား

ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးပွဲသည် အကျိုးမရှိဟု ထင်ရှားလျှင် နောက်ဆုတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ဟု ထရန့်က ပြောကြား
Published 20 April 2018

ထရန့်၏အပန်းဖြေစခန်း Mar-a-Lago တွင် ဧပြီ ၁၈ က သတင်းစာရှင်းလင်းပွဲ၌ လက်ဆွဲနှုတ်ဆက်နေသော သမ္မတဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Photo: AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲသည် ရှေ့ဆက်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ယင်းတွေ့ဆုံမှုသည် အကျိုးဖြစ်ထွန်းဖွယ်မရှိဟု ထင်ရှားလျှင် နောက်ဆုတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

စီအိုင်အေအကြီးအကဲ မိုက်ပွန်ပေယိုသည် ပြုံယမ်းတွင် ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား ဆယ်စုနှစ်နှစ်ခုနီးပါးအကြား အဆင့်မြင့်ဆုံးအဆင့် တွေ့ဆုံမှုဖြစ်ခဲ့ပြီးနောက် ထရန့်နှင့် ကင်တို့၏ တွေ့ဆုံပွဲအတွက် အလားအလာများ ပိုမိုကောင်းမွန်လာခဲ့သည်။ ကင်နှင့်၎င်းတို့ကြား ထိပ်သီးဆွေးနွေးပွဲအတွက် အသေးစိတ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြစ်နိုင်ဖွယ်ရှိသည့် ငါးနေရာကို စဉ်းစားနေကြောင်း ထရန့်က အစောပိုင်းတွင် ပြောကြားထားသည်။

မေ သို့မဟုတ် ဇွန်တွင် ကင်နှင့် တွေ့ဆုံဖွယ်ရှိသည့် ထိပ်သီးသည် အလွန်အောင်မြင်မည်ဟု ထရန့်က ကြိုတင်ဟောကိန်းထုတ်ထားသည်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုများသည် အကျိုးမဖြစ်လျှင် ဆွေးနွေးပွဲမှ ထွက်ခွာမည်ဖြစ်ကြောင်း ထရန့်ကသတိပေးခဲ့ခြင်းဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များက ကိုရီးယားကျွန်းဆွယ်စစ်ပွဲ နောက်ပိုင်းတွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား ရန်စောင်နေခဲ့ပြီး ငြိမ်းချမ်းရေးအလားအလာကို မြင်တွေ့ခဲ့ရခြင်းမရှိပေ။ ၂၀၀၀ ပြည့်နှစ်တွင် ကင်ဂျုံအွန်၏ဖခင် ကင်ဂျုံအီနှင့် အမေရိကန်သမ္မတဟောင်း ဘီကလင်တန်တို့သည် ကိုယ်တိုင်မတွေ့ဆုံခဲ့သော်လည်း ကိုယ်စားလှယ်အဖွဲ့များဖြင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးမျှော်လင့်ချက် ရောင်ခြည်သန်းခဲ့သည်။

ဧပြီ ၁၈ ရက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဖလော်ရီဒါတွင် တွေ့ဆုံခဲ့ပြီးနောက် ထရန့်က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်ကို စွန့်လွှတ်လျှင် တောက်ပသောလမ်းကြောင်းတစ်ခုရှိမည်ဟု ပြောကြားခဲ့သည်။ ပြုံယမ်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားသော်လည်း တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားမှုကို ရုပ်သိမ်းရန် အပြန်အလှန်တောင်းဆိုထားသည်။

မြောက်ကိုရီးယားသည် နျူကလီးယားကို အလုံးစုံဖျက်သိမ်းရမည်ဖြစ်ပြီး နောက်ကြောင်းပြန်မလှည့်ရန် အာမခံအတည်ပြုရမည်ဟု ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ သဘောထားကို ထရန့်က ထင်ဟပ်ပြောကြားခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များက သူလျှိုလေ့ကျင့်မှုများတွင် အထောက်အပံ့ဖြစ်ရန်အတွက် မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သော ဂျပန်နိုင်ငံသားများကို နေရပ်ပြန်ခေါ်ရန်အတွက် တိုကျိုကို ကူညီသွားမည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ဓားစာခံဖမ်းဆီးမှုသည် ဂျပန်နှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာနေသော အဓိကပြဿနာတစ်ခုဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ဂျပန်နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း ၂၀၀၂ ခုနှစ်တွင် မြောက်ကိုရီးယားက ဝန်ခံခဲ့သည်။ သို့သော်လည်း အမှန်တတယ် ပြန်ပေးဆွဲခံရသည့် ပမာဏသည် ထိုထက်မြင့်မားနိုင်သည်ဟု တိုကျိုက ယူဆထားသည်။

Most Read

Most Recent