ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ အောက်စ်ဖို့ဒ်တက္ကသိုလ် ဝင်ခွင့်ရ

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ အောက်စ်ဖို့ဒ်တက္ကသိုလ် ဝင်ခွင့်ရ
Published 18 August 2017

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ အောက်စ်ဖို့ဒ်တက္ကသိုလ် ဝင်ခွင့်ရ (Photo - AFP)

ဇာတိပါကစ္စတန်တွင် မိန်းကလေးများ၏ ပညာရေးအတွက် လှုံ့ဆော်မှုကြောင့် တာလီဘန်များ၏ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူဆွတ်ဇိုင်သည် အောက်စ်ဖို့ဒ်တက္ကသိုလ် ဝင်ခွင့်ရရှိခဲ့ကြောင်း သြဂုတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။ “အောက်စ်ဖို့ဒ်မှာ တက်ဖို့အရမ်းစိတ် လှုပ်ရှားနေတယ်” ဟု အသက် ၂၀ အရွယ်ရှိ မာလာလာက ယင်းတက္ကသိုလ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် ဘောဂဗေဒ (PPE) သင်ရိုးအတွက် တက်ရောက်ခွင့်ရရှိကြောင်း အတည်ပြုထားသည့် စာ၏ဓာတ်ပုံနှင့်အတူ Twitter တွင် တွဲတင်ခဲ့သည်။ PPE သင်ရိုးသည် ဗြိတိန်နိုင်ငံရေးသမားများနှင့် လုပ်ကြံခံခဲ့ရသူ ပါကစ္စတန်အမျိုးသမီးဝန်ကြီးချုပ် ဘနာဇီယာဘူတိုအပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြားကို မွေးထုတ်ပေးခဲ့သည့် ဂုဏ်သိက္ခာရှိသော သင်ရိုးဖြစ်သည်။

အထယ်တန်းစာသင်နှစ်ပြီးဆုံးပြီးနောက် ပြုလုပ်သည့်စာမေးပွဲများဖြစ်သည့် A- Level စာမေးပွဲရလဒ်များကို ဗြိတိန်တစ်လွှားတွင် ထုတ်ပြန်ခဲ့သည့်နေ့၌ မာလာလာ၏ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မာလာလာက A- Level ကျောင်းသားများအတွက် ဆုတောင်းပေးခဲ့သော်လည်း ၎င်း၏ စာမေးပွဲ ရလဒ်ကိုမူ မထုတ်ပြန်ခဲ့ပေ။

မာလာလာသည် အသက် ၁၅ နှစ်သာ ရှိသေးသည့် ၂၀၁၂ ခုနှစ် အောက်တိုဘာက စာမေးပွဲဖြေဆိုအပြီး ဆွစ်တောင်ကြားရှိ ၎င်း၏နေအိမ်သို့ ဘတ်စ်ကားဖြင့်ပြန်လာစဉ် တာလီဘန်တို့က ၎င်း၏ခေါင်းအား ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ကုသရန် အင်္ဂလန် အလယ်ပိုင်း ဘာမင်ဂမ်မြို့သို့ပို့ဆောင်ခဲ့ပြီး မာလာလာသည် ယင်းနောက်ပိုင်း မိသားစုနှင့်အတူ ယင်းမြို့၌ နေထိုင်ခဲ့သည်။

Ref း AFP

Most Read

Most Recent