အဆုတ်ရောဂါ နှစ်မျိုးက ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၃ ဒသမ ၆ သန်းကို သေဆုံးစေခဲ့

အဆုတ်ရောဂါ နှစ်မျိုးက ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၃ ဒသမ ၆ သန်းကို သေဆုံးစေခဲ့
Published 18 August 2017

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တိုကျိုရှိ ဂျီကေးအီတက္ကသိုလ်တွင် 3D ပရင့်တာဖြင့် ပြုလုပ်ထားသော အဆုတ်ဖြင့် ခွဲစိတ်ကုသမှုအား သင်ကြားပြသနေစဉ် (Photo -AFP)

အဖြစ်အများဆုံး နာတာရှည် အဆုတ်ရောဂါနှစ်မျိုးသည် ၂၀၁၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ လူပေါင်း ၃ ဒသမ ၆ သန်းကို သေဆုံးစေခဲ့ကြောင်း The lancet ဆေးပညာဂျာနယ်၌ သြဂုတ် ၁၇ ရက်တွင် ဖော်ပြသော စာရင်းဇယားများအရ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း ဆေးလိပ်သောက်ခြင်းနှင့် လေထုညစ်ညမ်းခြင်းကြောင့် အဓိကဖြစ်ပွားသော နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်သည့်ရောဂါ (COPD) ကြောင့် သေဆုံးသူ ၃ ဒသမ ၂ သန်းခန့်ရှိပြီး အခြားလူပေါင်း ၄၀၀,၀၀၀ သည် ပန်းနာရင်ကျပ် ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

COPD ဟူသည် အဆုတ်နှင့်ပတ်သက်သော ရောဂါအုပ်စုတစ်စုဖြစ်ပြီး လေပြွန်ရောင်ရမ်းခြင်းနှင့် လေအိတ်များရောင်ရမ်းခြင်းတို့ ပါဝင်ကာ အသက်ရှူကျပ်ခြင်းကို ဖြစ်ပေါ်စေသည်။

ပန်းနာရင်ကျပ်ရောဂါက ဖြစ်ပွားမှုနှုန်း နှစ်ဆပိုများပြီး COPD က သေဆုံးမှုနှုန်း ရှစ်ဆပိုမိုကြောင်း ယင်းလေ့လာချက်အရ သိရသည်။

ယင်းရောဂါနှစ်ရပ်စလုံးသည် ထိရောက်စွာကုသနိုင်သည့် အနေအထား၌ရှိသော်လည်း ရောဂါအမည်မဖော်ထုတ်နိုင်ခြင်း၊ အမည်ဖော်ထုတ်မှု မှားယွင်းခြင်းနှင့် ကောင်းစွာကုသမှုမရှိခြင်းတို့ ဖြစ်ပေါ်နေသည်။

၂၀၁၅ ခုနှစ်အတွင်း COPD သည် တစ်ကမ္ဘာလုံး၌ စတုတ္ထမြောက်သေဆုံးမှု အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့  (WHO) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းရှေ့၌ သေဆုံးမှုအများဆုံး အကြောင်းရင်းများမှာ နှလုံးရောဂါ (ကိုးသန်း)၊ လေဖြတ်ခြင်း (ခြောက်သန်း) နှင့် အောက်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (၃ ဒသမ ၂ သန်းကျော်) တို့ဖြစ်ကြသည်။

ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေး တိုင်းတာမှုများနှင့် အကဲဖြတ်မှုဌာနမှ ပါမောက္ခ သီအိုဗော့စ်ဦးဆောင်သည့် သုတေသနပြုသူများသည် နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ အချက်အလက်များကို သုံးသပ်ထားခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်အလိုက်ဖြစ်ပွားမှု အရေအတွက်နှင့် သေဆုံးမှု အရေအတွက်ကို သုံးသပ်ထားသည်။

ယင်းကာလအတွင်း COPD ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းများ ကျဆင်းလာသော်လည်း လူဦးရေတိုးပွားမှုကြောင့် စုစုပေါင်းဖြစ်ပွားသည့် အရေအတွက်သည် ပိုများ၍လာပြီး သေဆုံးသူအရေအတွက်မှာလည်း ၁၂ ရာခိုင်နှုန်း တက်၍လာသည်။

ပန်းနာရင်ကျပ်ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားမှုနှုန်းသည် တစ်ကမ္ဘာလုံး၌ ၃၅၈ သန်း (၁၃ ရာခိုင်နှုန်းနီးပါး) တက်လာသော်လည်း သေဆုံးသူအရေအတွက်မှာ ၂၅ ရာ ခိုင်နှုန်းကျော် ကျဆင်းသွားသည်။

၂၀၁၅ ခုနှစ်အတွင်း COPD ကြောင့် နာမကျန်းဖြစ်နေသူနှုန်း အမြင့်ဆုံးနိုင်ငံများမှာ ပါပူအာနယူးဂီနီ၊ အိန္ဒိယ၊ လီဆိုသိုနှင့် နီပေါတို့ ဖြစ်ကြသည်။

Ref း AFP

Most Read

Most Recent