နယူးယောက်-ဒါးလက်စ်ခရီးစဉ်တွင် အင်ဂျင်ပေါက်ကွဲခဲ့သောလေယာဉ်အား ထိန်းကျောင်းမောင်းနှင်ခဲ့သည့် လေယာဉ်မှူးသည် ရေတပ်မှ အမျိုးသမီးတိုက်လေယာဉ်မှူး ဖြစ်နေ

နယူးယောက်-ဒါးလက်စ်ခရီးစဉ်တွင် အင်ဂျင်ပေါက်ကွဲခဲ့သောလေယာဉ်အား ထိန်းကျောင်းမောင်းနှင်ခဲ့သည့် လေယာဉ်မှူးသည် ရေတပ်မှ အမျိုးသမီးတိုက်လေယာဉ်မှူး ဖြစ်နေ
Published 19 April 2018

ဧပြီ ၁၇ ရက်က အင်ဂျင်ပေါက်ကွဲမှုကြောင့် ဆင်းသက်ခဲ့ရသည့် Southwest လေကြောင်းလိုင်းမှ လေယာဉ်ကို ဖီလာဒဲဖီးယားလေဆိပ်၌ တွေ့ရစဉ် (Photo: AFP)

ဧပြီ ၁၇ ရက်က နယူးယောက်မှ ဒါးလက်စ်သို့ ပျံသန်းသော Southwest လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် အင်ဂျင်ပေါက်ကွဲခဲ့ကာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်စီးပွားဖြစ် လေကြောင်းလုပ်ငန်းတွင် ပထမဆုံးလူသေဆုံးသည့် မတော်တဆမှုဖြစ်ခဲ့သည်။

Boeing 737-700 လေယာဉ်သည် ပျံတက်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ခရီးသည်များသည် လေယာဉ်၏ ဘယ်ဘက်အင်ဂျင်မှ ပေါက်ကွဲသံကို ကြားခဲ့ရကြောင်း ခရီးသည်များက ပြောကြားခဲ့သည်။ အင်ဂျင်နှစ်လုံးတပ်ဘိုးရင်း 737 လေယာဉ်ပေါ်တွင် ခရီးသည် ၁၄၄ ဦးနှင့် လေယာဉ် အမှုထမ်းငါးဦး လိုက်ပါလျက် ပျံသန်းခဲ့ခြင်း ဖြစ်သည်။ လေယာဉ်အင်ဂျင်သည် ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ပြတင်းပေါက်မှန်ကွဲသွားခဲ့ကာ လေယာဉ်ကိုယ်ထည်လည်း ပျက်စီးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဖီလာဒဲဖီးယားတွင် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့သည့်လေယာဉ်မှူးသည် တန်မီဂျိုရှုဖြစ်ကြောင်း သူ၏ခင်ပွန်း ဒင်းရှုက ပြောကြားခဲ့သည်။

အင်ဂျင်ပေါက်ကွဲချိန်တွင် ခရီးသည်များသည် မျက်နှာကြက်မှကျလာသော အောက်စီဂျင်နှာခေါင်းစွပ်များကို စွပ်ထားခဲ့ကြပြီး လေယာဉ်မှူးက လေယာဉ်ကို အမြန်ဆုံး ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ယင်းမတော်တဆမှုတွင် အခြားခရီးသည် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ရှုသည် အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ပထမဆုံး အမျိုးသမီးတိုက်လေယာဉ်မှူးများထဲမှ တစ်ဦးဖြစ်ကြောင်း သူ၏ မိခင်ကျောင်းဖြစ်သည့် MidAmerica Nazarene တက္ကသိုလ်မှ သူငယ်ချင်းများက ပြောကြားခဲ့သည်။

ရှုသည် ၁၉၈၃ ခုနှစ်တွင် ကင်ဆက်ပြည်နယ်၏ Olathe ရှိ ယင်းတက္ကသိုလ်မှ ဇီဝဗေဒနှင့် စိုက်ပျိုးစီးပွားဘွဲ့များ ရရှိခဲ့ကြောင်း တက္ကသိုလ်၏ ပြောခွင့်ရပုဂ္ဂိုလ်က Kansas City Star သို့ ပြောကြားခဲ့သည်။

ယင်းလေယာဉ်တွင် လိုက်ပါခဲ့သော ခရီးသည် အဲဖရက်တန်လင်ဆန်ကရှုနှင့် လေယာဉ်အမှုထမ်းများအား ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် ချီးကျူးခဲ့သည်။

“သူ့မှာ သံမဏိအာရုံကြောတွေ ရှိပါတယ် (အန္တရာယ်ကြီးသော အခြေအနေတွင် တည်ငြိမ်စွာ ဆောင်ရွက်နိုင်စွမ်း)။ ဒီ အမျိုးသမီးကို ကျွန်တော် ချီးကျူးပါတယ်။ ကျွန်တော် သူ့ကို ခရစ္စမတ်ကတ်ပို့ပြီး ကျွန်တော့်ကို မြေပြင်ပေါ်ကို သယ်လာတဲ့အတွက် လက်ဆောင်ပေးတာလို့ ပြောမှာပါ။ သူက အရမ်းကိုတော်ပါတယ်” ဟု တန်လင်ဆန်က ပြောကြားခဲ့သည်။

သေဆုံးသူခရီးသည် အမျိုးသမီးသည် နယူးမက္ကဆီကိုပြည်နယ်မှ အသက် ၄၃ နှစ်အရွယ် ဂျနီဖာရီရော့ဒန်ဆိုသူဖြစ်ကြောင်း၊ သူ၏ မွေးရပ်မှ တာဝန်ရှိသူများနှင့် ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ ရီရော့ဒန်သည် Wells Fargo ဘဏ်တွင် ဆက်ဆံရေးဆိုင်ရာ ဒုဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ကျောင်းနေအရွယ် ကလေးနှစ်ဦး၏ မိခင်ဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Ref: AFP, AP

Most Read

Most Recent