အင်ဒိုနီးရှားတွင် လူဒါဇင်ပေါင်းများစွာကို သေစေခဲ့သော အရက်ပုန်း၏ ခေါင်းဆောင်အား ဖမ်းမိ

အင်ဒိုနီးရှားတွင် လူဒါဇင်ပေါင်းများစွာကို သေစေခဲ့သော အရက်ပုန်း၏ ခေါင်းဆောင်အား ဖမ်းမိ
Published 19 April 2018

မြို့တော်ဂျကာတာ အပြင်ဘက်တွင် ရဲများက တရားမဝင် အိမ်ချက်အရက်ပုလင်း ထောင်ပေါင်းများစွာအား လူမြင်ကွင်း၌ ဖျက်ဆီးနေသည်ကို ဧပြီ ၁၃ ရက်က တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း၌ လူဒါဇင် ပေါင်းများစွာကို သေစေခဲ့သည်ဟု ယူဆရသော အရက်ပုန်း အဆိပ်သင့်မှုဖြစ်စဉ်မှ အဓိကသံသယရှိသူကို ရဲများက ဖမ်းဆီးနိုင်ပြီဟု အာဏာပိုင်များက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအမျိုးသားသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် ကျခံရနိုင်ခြေရှိသည်။

ဆမ်ဆူဒင် ဆမ်ဘိုလွန်ကို ဧပြီ ၁၈ ရက် အစောပိုင်းက ဆူမတ်တြားရှိ ဆီအုန်းစိုက်ခင်းတစ်ခုထဲတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆူမတ်တြားအနီးရှိ အနောက်ဂျာဗား၌ လူ ၅၀ ခန့်ကို သေဆုံးစေခဲ့သော အရက်ပုန်းများကို အဓိကရောင်းချသူ အမျိုးသားအား နိုင်ငံအနှံ့ရှာဖွေမှုကြီးမှာ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

“သူ့ကို ဒီညပဲ ဂျကာတာကို လေကြောင်းကနေ ပို့မှာဖြစ်ပါတယ်။ အဲဒီနောက် ဘန်ဒေါင်းကို ပို့မှာဖြစ်ပါတယ်” ဟု အနောက်ဂျာဗားရဲချုပ် အဂန်ဘူဒီမာယိုတိုက ဆမ်ဘိုလွန်အား ရည်ညွှန်းပြီး အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။ အရက်ပုန်းခေါင်းဆောင်ဟု စွပ်စွဲခံရသော ဆမ်ဘိုလွန်ကို ထောင်ဒဏ်တစ်သက်ကျစေနိုင်သော အန္တရာယ်ရှိကုန် ပစ္စည်းများရောင်းချမှုဖြင့် အမှုဖွင့်သွားမည်ဟု သိရသည်။

မတ်လမှစ၍ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် အရက်ပုန်းအဆိပ်သင့်မှုကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး အခြေအနေ ဆိုးဆိုးရွားရွားဖြစ်ခဲ့သူဦးရေမှာလည်း ဒါဇင်နှင့် ချီရှိခဲ့သည်။ ယင်းဖြစ်စဉ်သည် နှစ်ပေါင်းများစွာအတွင်း အိမ်ချက်အရက်ကြောင့် သေဆုံးမှုဖြစ်စဉ်များထဲမှ အဆိုးရွားဆုံးတစ်ခုလည်း ဖြစ်လာခဲ့သည်။

အနောက်ဂျာဗားထဲမှ အရက်အဆိပ်သင့်၍ သေဆုံးမှုများကြောင့် ပြည်နယ်မြို့တော်ဖြစ်သည့် ဘန်ဒေါင်းတွင်လည်း ယခုလအတွင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

အရက်ပုန်းသောက်သုံးမှုကြောင့် လူသေဆုံးမှုများ မကြာခဏရှိသည့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေ အများဆုံးရှိသည့်နိုင်ငံဖြစ်သည်။ သို့သော်အများစုသည် သဘောထား အလယ်အလတ် ရှိသူများဖြစ်ပြီး မြို့ကြီးများတွင် အရက်များကို ဝယ်ယူ၍ရနိုင်သည်။ သို့သော်အခွန်နှုန်း များသောကြောင့် အရက်တို့၏ ဈေးနှုန်းမှာလည်း မြင့်မားသဖြင့် လက်လုပ်လက်စားများနှင့် လစာနိမ့်ဝန်ထမ်းများမှာ အန္တရာယ်များသည့် အိမ်ချက်အရက်များဘက်သို့သာ လှည့်လာကြခြင်း ဖြစ်သည်။

Ref: AFP

Most Read

Most Recent