အင်အားကြီးစအာရှသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဟု IMF က ပြောကြား

အင်အားကြီးစအာရှသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အဓိကတွန်းအားဟု IMF က ပြောကြား
Published 19 April 2018

ဧပြီ ၁၇ ရက်က ဝါရှင်တန်ရှိ IMF ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ် (Photo: AFP)

အင်အားကြီးစအာရှသည် စီးပွားရေး တိုးတက်မှု အလားအလာ ကောင်းမွန်နေကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဧပြီ ၁၇ ရက်တွင် ခန့်မှန်းခဲ့ပြီး အာရှသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အရေးအကြီးဆုံး အင်ဂျင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဟု IMF ၏ နောက်ဆုံးထုတ်ပြန်သော ကမ္ဘာ့စီးပွားရေး အလားအလာ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံးသော နိုင်ငံများသည် အာရှတွင် ဆက်လက်ရှိနေမည်ဟု IMF ၏ အစီရင်ခံစာက ခန့်မှန်းခဲ့သည်။ တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းထက် သာလွန်သော တိုးတက်မှုဖြင့် တိုးတက်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်စီးပွားရေးသည် ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်မည်ဟု ဇန်နဝါရီလက ခန့်မှန်းထားချက်ကို IMF က မပြောင်းလဲဘဲ ဆက်လက်ခန့်မှန်းခဲ့သည်။ ၂၀၁၉ ခုနှစ် တရုတ်စီးပွားရေးသည် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF က ခန့်မှန်းသည်။ တရုတ်အစိုးရကမူ ၂၀၁၈ ခုနှစ်တွင် စီးပွားရေး ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယစီးပွားရေး တိုးတက်မှုသည် ယခုနှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခု နှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု IMF က ခန့်မှန်းခဲ့သည်။ အိန္ဒိယအတွက် ခန့်မှန်းချက်သည်လည်း ဇန်နဝါရီလက ခန့်မှန်းထားသည့်အတိုင်း မပြောင်းလဲဘဲ ထားခဲ့ခြင်းဖြစ်သည်။

ပို့ကုန်ဝယ်လိုအား ဆက်လက်ခိုင်မာနေမှုနှင့် ဒေသခံပြည်သူတို့၏ သုံးစွဲမှုကြီးမားခြင်းကြောင့် အာရှအင်အားကြီးနှစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာသည် ခိုင်မာနေကြောင်း IMF က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေးတိုးတက်မှု အားကောင်းသောနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ငါးရာခိုင်နှုန်းနှင့်အထက် ဆက်လက်တိုးတက်နေမည်ဟု IMF က ဆိုသည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် အင်အားကြီးစအာရှသည် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့်အထက် ဆက်လက်တိုးတက်နေမည်ဖြစ်သောကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အရေးကြီးဆုံး အင်ဂျင်အဖြစ် ဆက်လက်ရှိနေသည်ဟု IMF က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုများကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု အရှိန်အဟုန်သည် အာမခံ၍မရနိုင်ကြောင်း IMF က သတိပေးခဲ့သည်။ ကုန်သွယ်ရေးပဋိပက္ခကြောင့် အခြားနိုင်ငံများကို ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ခဲ့လျှင် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း IMF ၏ စီးပွားရေးပညာရှင်အကြီးအကဲ မောရစ်အော့ဖီးက အလေးထား ပြောကြားခဲ့သည်။

ကုန်သွယ်ရေးတင်းမာမှုများကြောင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများကို ပို၍ကျင့်သုံးလာနိုင်ပြီး ပထဝီနိုင်ငံရေးတင်းမာမှုများက အစိုးရိမ်ရဆုံးပြဿနာဖြစ်ကြောင်း IMF က ဆိုသည်။

အမေရိကန်စီးပွားရေးသည် ၂၀၁၈ ခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မည်ဟု IMF က ခန့်မှန်းခဲ့သည်။ ဒီဇင်ဘာတွင် သဘောတူခဲ့သော အခွန်လျှော့ပေးမှုက စီးပွားရေးတိုးတက်မှုကို အားပေးခဲ့သည်။

Ref: AFP