ဖိလစ်ပိုင်က အပန်းဖြေကျွန်းပိတ်ပင်မှုအတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲများ တပ်ဖြန့်မည်

ဖိလစ်ပိုင်က အပန်းဖြေကျွန်းပိတ်ပင်မှုအတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲများ တပ်ဖြန့်မည်
Published 18 April 2018

မတ် ၁၂ ရက်က ဖိလစ်ပိုင်ရှိ ဘိုရာကေကျွန်းတွင် နေပူစာလှုံနေကြသော နိုင်ငံခြားသား ခရီးသွားများအား တွေ့ရစဉ် (Photo: AP)

အပန်းဖြေကျွန်း ဘိုရာကေးကို ခြောက်လကြာ ပိတ်ပင်မှုမတိုင်မီ ဖြစ်လာနိုင်ဖွယ်ရှိသော ကန့်ကွက်ဆန္ဒပြမှုများကို ရင်ဆိုင်ရန်နှင့် ခရီးသွားများကို ရှင်းလင်းရန်အတွက် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ရာနှင့်ချီ၍ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာကျော် သဲဖြူကမ်းခြေရှိသည့် အလယ်ပိုင်းမှ ဘိုရာကေးကျွန်းသည် မိလ္လာကန်ဖြစ်လာနေသည်ဟု သမ္မတ ရိုဒရီဂိုဒူတာတေးက တံဆိပ်ကပ်ထားသည်။ မိလ္လာအညစ်အကြေးများကို သန့်စင်သည့် စက်ရုံများ တည်ဆောက်ရန်နှင့် တရားမဝင် အဆောက်အအုံများ ဖြိုဖျက်ရန်အတွက် ဧပြီ ၂၆ ရက်မှစကာ ဘိုရာကေးကျွန်းကို ခရီးသွားများအတွက် ခြောက်လကြာ ပိတ်ပင်မည်ဟု ဒူတာတေးက အမိန့်ထုတ်ထားခဲ့သည်။

ပြည်တွင်းပြည်ပ ခရီးသွားအားလုံးကို ကျွန်းမှခွာရန်အတွက် ပိတ်ပင်သည့် အစီအစဉ်တွင် အဓိကရုဏ်းနှိမ်နင်းရေး အထူးရဲအဖွဲ့ဝင် ၁၃၈ ဦး အပါအဝင် ရဲအင်အား ၆၀၀ ကျော် တပ်ဖြန့်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဧပြီ ၁၇ ရက်တွင် ကြေညာထားသည်။

“ဘယ်လို အကူးအပြောင်းမှာမဆို အထူးသဖြင့် ဒီလိုမျိုး ကြီးမားတဲ့ အရေးယူ ဆောင်ရွက်မှုတွေအတွက် အမြဲတမ်းပဲ မရေရာမှုတွေ၊ ရှုပ်ထွေးမှုတွေ အကျင့်စာရိတ္တနိမ့်ကျမှုတွေ ရှိပါတယ်” ဟု ဒေသဆိုင်ရာ ရဲမှူးဆီဇာဘီနက်က ဖိလစ်ပိုင်ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်သော လူထုစည်းဝေးပွဲတစ်ခုတွင် ပြောကြားသည်။

ဘိုရာကေးကျွန်းတွင် နေထိုင်သော ဒေသခံများသည် သက်သေခံကတ်ပြားသစ်များကို ကိုင်ဆောင်ရမည်ဖြစ်ပြီး လှေစီးခြင်း၊ ညအချိန် ရေကူးခြင်းတို့ကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း ဘီနက်က ထည့်သွင်း ပြောကြားခဲ့သည်။ ဧက ၂၄၇၀ (ဟက်တာ ၁၀၀၀) ကျယ်သော ဘိုရာကေးကျွန်းသည် မနီလာမြို့မှ တောင်ဘက် ၁၈၆ မိုင် (၃၀၀ ကီလိုမီတာ) အကွာတွင်ရှိသည်။ ကျွန်းကို ပိတ်ပင်ပြီးနောက် ကျွန်း၏ တစ်ခုတည်းသော ပင်လယ်ဆိပ်ကမ်းငယ်ကိုလည်း အဝင်အထွက် ကန့်သတ်သွားမည်ဖြစ်သည်။

ကျွန်းကို မပိတ်ပင်မီ သုံးရက်အတွင်း ဒေသခံ ကျွန်းသားများအတွက် သက်သေခံ ကတ်ပြားသစ်များ ထုတ်ဝေပေးဖွယ်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လာမည့်သီတင်းပတ်တွင် စွမ်းရည်သရုပ်ပြမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဘီနက်က ပြောကြားခဲ့သည်။

ကျွန်းပြန်လည် စည်ပင်သာယာရေး အစီအစဉ်အတွက် ရုတ်တရက်ကျွန်းကို ပိတ်ပင်မှုကြောင့် ဆုံးရှုံးမှုများရှိနိုင်ကြောင်း နှင့် ကျွန်းရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အမြောက်အမြား ဆုံးရှုံးနိုင်ကြောင်း စီးပွားရေးလုပ်ငန်းများက သတိပေးထားသည်။

ဘိုရာကေးကျွန်းသည် ယမန်နှစ်က ခရီးသွားနှစ်သန်း ဆွဲဆောင်နိုင်ခဲ့ပြီး နိုင်ငံအတွက် ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော်ကို ရှာဖွေပေးနိုင်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။ ဘိုရာကေးကို ရုတ်တရက်ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများသည် ကြိုတင်လက်ခံထားမှု အများအပြားကို ဖျက်သိမ်းခဲ့ရပြီး ဖောက်သည်များကိုလည်း ဒေါသထွက်စေခဲ့သည်။

Ref: AFP

Most Read

Most Recent