ဆော်ဒီတွင် လက်ခံပြုလုပ်သော နိုင်ငံများစွာပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကြီး ပြီးဆုံး

ဆော်ဒီတွင် လက်ခံပြုလုပ်သော နိုင်ငံများစွာပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကြီး ပြီးဆုံး
Published 18 April 2018

ဧပြီ ၁၆ ရက်က ဆော်ဒီနန်းတော်မှ ထုတ်ပြန်သည့် ဓာတ်ပုံထဲ၌ Gulf Shield-1 စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးရက်အတွင်း အမေရိကန်လုပ် အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရစဉ် (Photo: AFP)

ဆော်ဒီအာရေဗျ၌ ပြုလုပ်ခဲ့သော နိုင်ငံနှစ်ဒါဇင်ကျော်ပါဝင်ပြီး တစ်လကြာမြင့်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုကြီးမှာ ဧပြီ ၁၆ ရက်တွင် နိဂုံးချုပ်ခဲ့သည်။ ယင်းမတိုင်မီတစ်ရက်ကမူ ဆော်ဒီသည် ၎င်းနိုင်ငံ၌လက်ခံကျင်းပသော အာရပ်ထိပ်သီး အစည်းအဝေးပွဲတစ်ခုတွင် ဒေသတွင်းသို့ အီရန်၏ကြားဝင်စွက်ဖက်မှု ကြီးထွားလာသည်ဟုဆိုကာ ပြစ်တင်ရှုတ်ချခဲ့သေးသည်။

Gulf Shield-1 ဟု အမည်ပေးထားသော ထိုစစ်ရေးလေ့ကျင့်မှုအား ဆော်ဒီ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရေး၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလေ့ကျင်မှုများ၊ ရေတပ်လက်နက်များနှင့် ဝေဟင်စစ်ဆင်ရေးများ ပါဝင်ခဲ့ကြောင်း အစိုးရအရာရှိများက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ အပိတ်ပွဲကို ဆော်ဒီဘုရင်ဆယ်မန်က ဦးစီးခဲ့ခြင်းဖြစ်သည်။ ဘုရင်ဆယ်မန်က ယခုစစ်ရေးလေ့ကျင့်မှုသည် စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် ၂၄ နိုင်ငံ၏ စည်းလုံးသော မဟာမိတ်ဖွဲ့မှုကို ထင်ရှားစေသည်ဟု အလေးပေး ပြောကြားခဲ့သည်။

“ဘယ်လို ခြိမ်းခြောက်မှုကို မဆိုတားဆီးနိုင်ဖို့အတွက် အာရပ်တွေရဲ့ စွမ်းဆောင်ရည်၊ စည်းလုံးမှုနဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ပူးတွဲလုပ်ဆောင်နိုင်မှုတွေကို ပြသဖို့ ရည်ရွယ်ပါတယ်” ဟု စစ်တပ်၏ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလာဆူဘာအီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းမှုရှိတဲ့အကြောင်း၊ အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို အခုစစ်ရေးလေ့ကျင့်မှုက ပြသခဲ့ပါတယ်” ဟု ဆူဘာအီ၏ ပြောကြားချက်ကို ကိုးကားပြီး ဆော်ဒီသတင်း အချက်အလက် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဧပြီ ၁၅ ရက်ကမူ ဆော်ဒီဘုရင်ဆယ်မန်သည် ၎င်းတို့နိုင်ငံ၌ နှစ်စဉ်ကျင်းပနေကျ ထိပ်သီးအစည်းအဝေးပွဲအတွင်း ဒေသတွင်းသို့ အီရန်၏ ဗြောင်ကျကျ ဝင်စွက်ဖက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။

ဆွန်နီမွတ်စလင်အများစုရှိသော အရှေ့အလယ်ပိုင်းဒေသတွင်းမှ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ ယီမင်အပါအဝင် ပဋိပက္ခဖြစ်သည့်နေရာ အများအပြားရှိ ဆန့်ကျင်ဘက် အင်အားစုများကို ဆော်ဒီနှင့် ပြိုင်ဘက်ရှီ အိုက်အီရန်တို့က အသီးသီး ထောက်ပံ့ပေးနေသည်။

ဆော်ဒီသည် အိမ်နီးချင်းယီမင်ထဲမှ အီရန်ကျောထောက်နောက်ခံပြုပေးထားသော ဟူသီသူပုန်များကို နှိမ်နင်းရန်၊ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို အာဏာပြန်လည်တည်မြဲစေရန်အတွက် ၂၀၁၅ ခုနှစ်က အာရပ်နိုင်ငံများနှင့် ညွန့်ပေါင်းဖွဲ့ပြီး စစ်ရေးကြားဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကမူ မွတ်စလင်နိုင်ငံ ၄၀ ဝန်းကျင်ပါဝင်သော အကြမ်းဖက်မှု ဆန့်ကျင်ရေး အစ္စလာမ္မစ်မဟာမိတ်အဖွဲ့၏ ပထမဆုံးတွေ့ဆုံမှုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က ဦးစီးကျင်းပခဲ့ပြီး အကြမ်းဖက်သမားများကို တောက်လျှောက် လိုက်လံနှိမ်နင်းသွားမည်ဟု ကတိပြုခဲ့သည်။

Ref: AFP

Most Read

Most Recent