<

တရုတ်၏ ဟာဝိုင်ရီဟု တင်စားရသော ဟိုင်နန်ကျွန်းတွင် မြင်းပွဲများ၊ အားကစားထီများ ခွင့်ပြုမည်

ဧပြီ ၁၁ ရက်က ၂၀၁၈ ခုနှစ် BFA နှစ်ပတ်လည်ကွန်ဖရင့်အတွက် အပိတ်သတင်းစာ ရှင်းလင်းပွဲအတွင်း တွေ့ရသော Boao ဖိုရမ်၏ အာရှဆိုင်ရာ အထွေထွေအတွင်းရေးမှူး Zhou Wenzhong (ယာ)

တရုတ်နိုင်ငံတောင်ပိုင်းကျွန်း ဟိုင်နန်တွင် မြင်းပြိုင်ပွဲများ ဖွံ့ဖြိုးလာစေရေး အပါအ၀င် ပြုပြင်ပြောင်းလဲမှု တစ်လှေကြီးပေါ် ထွန်းလာစေရေးအတွက် အစိုးရက အားပေးနေသည်။ တရုတ်အစိုးရသည် ခရီးသွားဆွဲဆောင်ရာ အပူပိုင်းဒေသ ဟိုင်နန်အား ပွင့်လင်းမှု၏ ရှေ့ဆောင်လမ်းပြ ဖြစ်လာစေရန် တိုက်တိုက်တွန်းတွန်း လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ဟိုင်နန်ပြည်နယ်ထဲ၌ အားကစား၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ဆက်နွှယ်သော ထီကစားသည့် ပုံစံသစ်များ ထွက်ပေါ်လာစေရန် အားပေးသွားမည်ဖြစ်ကြောင်း ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် ပြည်နယ်ကောင်စီတို့ ဧပြီ ၁၄ ရက်က ပူးတွဲထုတ်ပြန်ချက်ကို နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်သည် ခြစားမှုကို အကြီးအကျယ်နှိမ်နင်းရေး လုပ်ဆောင်နေပြီး ပြည်မကြီးထဲ၌ လောင်းကစားပုံစံအများစုကို ကာလရှည်ကြာ ပိတ်ပင်ထားခဲ့သော တရုတ်ကွန်မြူနစ်အစိုးရ၏ လမ်းကြောင်းပြောင်းလဲမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

ဒါဗို့စ်ကဲ့သို့ နိုင်ငံတကာခေါင်းဆောင်များ တွေ့ဆုံကြသည့်ပွဲမျိုးဖြစ်သော ဟိုင်နန်၏ နှစ်စဉ်ကျင်းပနေကျ Boao ဖိုရမ်တွင် တရုတ်အတွက် ပွင့်လင်းမှု၏ ကဏ္ဍသစ် ဖြစ်စေရမည်ဟု တရုတ်သမ္မတရှီကျင်ပင်းက ကတိပေးပြီး ရက်အနည်းငယ်အကြာတွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ “ဟိုင်နန်ဟာ တရုတ်အတွက် ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကို ဖွင့်ထားတဲ့ အရေးကြီးတဲ့ တံခါးပေါက်ဖြစ်လာစေဖို့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု စီမံချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဟိုင်နန်ထဲမှ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ ဆက်သွယ်ရေး၊ အင်တာနက်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးကဏ္ဍများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် တရုတ်အစိုးရသည် ဟိုင်နန်ကို နိုင်ငံတကာ ခရီးသွားများ ဆွဲဆောင်ရာ ဗဟိုချက်တစ်ခုလည်း ဖြစ်လိုနေသည်။ ဟိုင်နန်တွင် သဲထူသော ကမ်းခြေများ၊ ငွေကြေးအကုန်အကျ များစွာခံထားသော ဇိမ်ခံအပန်းဖြေစခန်းများ ရှိသော်လည်း ထိုရည်မှန်းချက်အတွက် အောင်မြင်ရေးတွင် အတားအဆီးများရှိနေဆဲဖြစ်သည်။

ဟိုင်နန်သည် လက်ရှိအချိန်အထိ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိထားကြောင်း သက်သေမပြနိုင်သေးပေ။ ၂၀၁၆ ခုနှစ်ကမူ ဟိုင်နန်သို့ လာရောက်သည့် နိုင်ငံခြားခရီးသည်ဦးရေမှာ တစ်သန်းအောက် လျော့နည်းနေသည်။ ယင်းပမာဏသည် ထိုင်းနိုင်ငံမှ ဖူးခက်ကျွန်းသို့ဝင်သော ခရီးသွားဦးရေခုနှစ် သန်းနှင့်ယှဉ်ပါက များစွာကွာခြားလျက်ရှိသည်။

ဟိုင်နန်ကျွန်းပေါ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော ရေရှည်ပြုပြင်ပြောင်းလဲမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် လျှပ်စစ်ကားများကို စတင်အသုံးပြုစေရန် တိုက်တွန်းသွားမည်ဖြစ်ပြီး ဓာတ်ဆီသုံးကားများ ရောင်းချခြင်းကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

ဟိုင်နန်မှ လောင်းကစားနှင့် ခရီးသွား ကဏ္ဍသစ်ဖွံ့ဖြိုးမှုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ မကာအိုနှင့် ပြိုင်ဘက်တစ်ခုပင် ဖြစ်လာစေရန် လုပ်ဆောင်သွားနိုင်ကြောင်း သိရသည်။ လပ်စ်ဗီးဂတ်စ်ကိုပင် သေးငယ်သွားစေသည့် မကာအိုသည် ကမ္ဘာ့အကြီးဆုံး လောင်းကစားဈေးကွက်ကြီးဖြစ်သည့်အပြင် တရုတ်နိုင်ငံထဲ၌ တရားဝင် လောင်းကစားလုပ်ခွင့်ပြုသည့် တစ်ခုတည်းသော နေရာလည်းဖြစ်သည်။

နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကမ်းလွန်တွင်ရှိသော ဟိုင်နန်ကို ‘စစ်ဆေးမှုကင်းစင်သည့် ကုန်သွယ်ရေးဇုန်’ ဖြစ်လာစေရန် စီမံကိန်းသည် နှစ်အနည်းငယ်အတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်မြင်မှုများ ပြည်မကြီးသို့ ယူဆောင်လာမည်ဟု ကတိပေးထားသော တရုတ်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအား စမ်းသပ်ရန်လည်း ဖြစ်သည်။

Ref: AFP

April 16, 2018














Copy Protected by Chetan's WP-Copyprotect.