အာရပ်ထိပ်သီး ဆွေးနွေးပွဲတွင် ဆော်ဒီဘုရင်က အီရန်၏ ဒေသတွင်း ဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချ

အာရပ်ထိပ်သီး ဆွေးနွေးပွဲတွင် ဆော်ဒီဘုရင်က အီရန်၏ ဒေသတွင်း ဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချ
Published 17 April 2018

ဧပြီ ၁၅ ရက်က ဂျော်ဒန်နန်းတော်မှ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံထဲတွင် အာရပ်ထိပ်သီး၏ ဘေးဆွယ်အဖြစ် ဂျော်ဒန်ဘုရင် (အလယ်ယာ)၊ လက်ဘနွန်သမ္မတ (အလယ်ဝဲ) နှင့် လက်ဘနွန်ဝန်ကြီးချုပ် (ဝဲ) တို့ တွေ့ဆုံနေသည်ကို တွေ့ရစဉ် (Photo: AFP)

ဆော်ဒီအာရေဗျ၏ဘုရင် ဆယ်မန်က အာရပ်ထိပ်သီးဆွေးနွေးပွဲတွင် ဒေသတွင်း၌ အီရန်၏ ဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချခဲ့ပြီး ဂျေရုစလင်နှင့်ပတ်သက်၍ အမေရိကန်၏ ဆောင်ရွက်ချက်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

အသက် ၈၂ နှစ်အရွယ် ဘုရင်ဆယ်မန်က နိုင်ငံ၏ အရှေ့ဘက် ဒါရမ်မြို့တွင် ကျင်းပသော အာရပ်အဖွဲ့ချုပ်၏ ထိပ်သီးဆွေးနွေးပွဲသည် ဂျေရုစလင်ဆွေးနွေးပွဲဟု အမည်တပ်ခဲ့ကာ အငြင်းပွားဖွယ် ယင်းမြို့အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ရည်ရွယ်ပြစ်တင်ခဲ့သည်။ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုနှင့် အမေရိကန်သံရုံးကို တဲလ်အဗစ်မှ ဂျေရုစလင်သို့ ရွှေ့ပြောင်းမှုကို တရားမဝင်ဟု နောက်ဆုံး ထုတ်ပြန်ချက်တွင် အာရပ်အဖွဲ့ချုပ်က ကြေညာခဲ့သည်။ အာရပ်နိုင်ငံ ၁၅ နိုင်ငံမှ ခေါင်းဆောင်များ ဆော်ဒီတွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပချိန်၌ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ဆီးရီးယားအရေးအတွက် ထိပ်တိုက်ရင်ဆိုင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ပြင် ရီယာ့ဒ်နှင့် တီဟီရန်တို့အကြား တင်းမာမှု မြင့်တက်နေချိန်လည်းဖြစ်သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဆီးရီးယားရှိ ဓာတုလက်နက် ဖွံ့ဖြိုးရေးဆိုင်ရာ နေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၂၄ နာရီအကြာ ဧပြီ ၁၅ ရက်၌ အာရပ်ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်က ပြီးခဲ့သည့် ခုနစ်တွင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သောကြောင့် ယခုဆွေးနွေးပွဲတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် မပါဝင်ခဲ့ပေ။

ဆော်ဒီဘုရင်သည် ကာလကြာရှည်ရန် ဘက်အီရန်ကို အဓိကအာရုံစိုက်ခဲ့ပြီး အာရပ်ဒေသ၌ အီရန်၏ အကြမ်းဖက်မှုလုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် အာရပ်နိုင်ငံများ၏ ရေးရာများတွင် အီရန်၏ ဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း ပယ်ချခဲ့သည်။

အမေရိကန်၏ မဟာမိတ်ဖြစ်သော်လည်း ဆော်ဒီသည် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ ဆုံးဖြတ်ချက်အား ဝေဖန်ခဲ့သည်။ အရှေ့ဂျေရုစလင်သည် ပါလက်စတိုင်းတို့၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ဘုရင် ဆယ်မန်က ပြောကြားခဲ့သည်။ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေးကို ဆယ်စုနှစ်များစွာ ထောက်ခံခဲ့သော ဆယ်မန်က ဂျေရုစလင် အရှေ့ဘက်ရှိ အစ္စလာမ္မစ်အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒေါ်လာ သန်း ၁၅၀ လှူဒါန်းမည်ဖြစ်ကြောင်းလည်း ယင်းဆွေးနွေးပွဲတွင် ကြေညာခဲ့သည်။

Ref: AFP

Most Read

Most Recent