<

ဆစ်ဒနီတွင် လူနေအိမ်ခြေများအနီး၌ ကြီးမားသော တောမီးလောင်ကျွမ်းမှုကြီး ဖြစ်ပွား

ဆစ်ဒနီတောင်ပိုင်းရှိ Voyager Point တွင် တောမီးလောင်ကျွမ်းနေမှုအား ဧပြီ ၁၅ ရက်က တွေ့ရစဉ် (Photo: AFP)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၏ ဆင်ခြေဖုံးရပ်ကွက်များအနီးတွင် ဧပြီ ၁၆ ရက်က တောမီးကြီးတစ်ခုလောင်ကျွမ်းခဲ့ရာ ရာနှင့်ချီသော မီးသတ်သမားများမှာ ငြိမ်းသတ်ရန် ကြိုးပမ်းနေကြရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော် ထိုမီးလောင်မှုအတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်မရှိသလို ဒဏ်ရာရသူလည်းမရှိသည်မှာ အံ့ဖွယ်ရာဖြစ်နေသည်။

ဆစ်ဒနီ အနောက်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော တောမီးလောင်ရသည့်အကြောင်းရင်းကို နယူးဆောက်ဝေးပြည်နယ်ရဲများက လက်ရှိတွင် စုံစမ်းစစ်ဆေးနေကြဆဲဖြစ်သည်။ နွေဦးကာလအတွင်း အချိန်အခါမဟုတ် ပူနွေးပြီး လေပြင်းများ တိုက်ခိုက်စဉ် ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းက စတင်ခဲ့သော ထိုတောမီးလောင်မှုသည် ရှို့မီးဖြစ်နိုင်သည်ဟု သံသယများလည်း ရှိနေကြသည်။

လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းခဲ့ရသည့် အကျယ်အ၀န်းသည် ၂၄၃၀ ဟက်တာ (၆၀၀၅ ဧက) ရှိပြီဖြစ်ပြီး ဒေသခံ အချို့သည် နေအိမ်များမှ စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြပြီ ဖြစ်သည်။

တောမီးလောင်မှုမှာ အတိုင်းအတာ ကြီးမားပြီး လူနေရပ်ကွက် အများအပြားနှင့် နီးစပ်နေသော်လည်း လက်ရှိအချိန်အထိ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်ဟု သတင်းမထွက်သေးကြောင်း နယူးဆောက်ဝေးတောမီးဌာနမှ ထုတ်ပြန်ခဲ့သည်။

“အသက်ဆုံးရှုံးမှု လုံးဝမရှိသေးဘဲ ပိုင်ဆိုင်မှုဆုံးရှုံးမှုဟာလည်း မရှိသလောက်နီးပါးဖြစ်တဲ့အတွက် အံသြစရာပါပဲ။ ဒါဟာ ကျွန်တော်တို့ မီးသတ်ဌာနရဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်းမှု၊ နှစ်မြှုပ်လုပ်ဆောင်မှုနဲ့ သူရသတ္တိတွေကြောင့်ပဲ ဖြစ်ပါတယ်” ဟု ပြည်နယ်၏ အရေးပေါ်ဝန်ဆောင်မှုဆိုင်ရာဝန်ကြီး မက်စပိမန်းက သတင်းထောက်များကို ဧပြီ ၁၆ ရက်က ပြောကြားခဲ့သည်။ ခြံစည်းရိုး အနည်းငယ်နှင့် ကလေးကစားသည့် အိမ်တစ်လုံးမှာမူ မီးကြောင့် ပျက်စီးမှုရှိခဲ့သည်။

ဧပြီ ၁၆ ရက်တွင်မူ လေတိုက်နှုန်းမှာ လျော့ကျလာပြီး မီးသတ်သမားများက မီးပျံနှံ့မှုနှုန်းကို နှေးကွေးစေရန် လုပ်ဆောင်နေကြသဖြင့် အခြေအနေများမှာ တိုးတက်လာခဲ့သည်။ မီးသတ်သမားများသည် တစ်ညလုံး မီးလောင်မှုကို ထိန်းချုပ်ကာ မီးလောင်လွယ်သည့်အရာများကို လိုက်လံရှင်းလင်းခဲ့ကြသည်ဟု သိရသည်။

“ဒါဟာ ရှို့မီးဖြစ်မယ်ဆိုရင်တော့ စက်ဆုပ်စရာ၊ ပြစ်တင်ရှုတ်ချစရာပါပဲ” ဟု မီးသတ်ဌာနမှ ကော်မရှင်နာ ရှိန်းဖစ်ဆမ်မွန်က ပြောကြားခဲ့သည်။ သို့သော် ခြောက်သွေ့သော နွေဥတုအပါအ၀င် မီးလောင်စေနိုင်သည့် အခြားသော အကြောင်းရင်းများစွာလည်း ရှိနေသေးသည်။ “အချိန်အခါမဟုတ် ပူနေတာ သီတင်းပတ်အချို့ရှိပါပြီ။ ရာသီဥတုကလည်း မကြုံစဖူး ၃၀ ဒီဂရီဆဲစီးယပ်စ်လောက် ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Ref: AFP

April 16, 2018














Copy Protected by Chetan's WP-Copyprotect.