ထရန့်သည် လူ့ကျင့်ဝတ်အရ သမ္မတရာထူးနှင့် မသင့်လျော်ကြောင်း ထုတ်ပယ်ခံခဲ့ရသည့် FBI အကြီးအကဲက ပြောကြား

ထရန့်သည် လူ့ကျင့်ဝတ်အရ သမ္မတရာထူးနှင့် မသင့်လျော်ကြောင်း ထုတ်ပယ်ခံခဲ့ရသည့် FBI အကြီးအကဲက ပြောကြား
Published 17 April 2018

ဧပြီ ၁၅ ရက်က ထုတ်လွှင့်ခဲ့သော ABC သတင်းဌာနနှင့် မေးမြန်းခန်းအတွင်း FBI ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေအား တွေ့ရစဉ် (Photo: AP)

ဒေါ်နယ်ထရန့်သည် သမ္မတဖြစ်ရန် လူ့ကျင့်ဝတ်အရ သင့်လျော်သူမဟုတ်ကြောင်း ဧပြီ ၁၅ ရက်က ထုတ်လွှင့်ခဲ့သော ABC သတင်းဌာန၏ မေးမြန်းခန်းတစ်ခုအတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် FBI အကြီးအကဲဟောင်း ဂျိမ်းစ်ကိုမေက ပြောကြားခဲ့သည်။ ထို့ပြင် ကိုမေက ထရန့်သည် ၎င်းဝန်းကျင်ရှိ လူတိုင်းကို စွန်းထင်းညစ်နွမ်းစေသော ‘ကွင်းဆက်လူလိမ်’ တစ်ဦးဟုလည်း ပြောကြားခဲ့သည်။

ကိုမေ၏ ယင်းပြောစကားမှတ်ချက်များသည် ထရန့်နှင့် အပြန်အလှန် စကားစစ်ပွဲအတွင်းမှ နောက်ဆုံးပြင်းထန်စွာ ထိုးနှက်မှု ဖြစ်လာခဲ့သည်။ ထရန့်ကလည်း အဆိုပါနေ့ နံနက်ပိုင်းကပင် Twitter ပေါ်၌ FBI ဒါရိုက်တာဟောင်း ကိုမေကို စိတ်ပျက်ရွံရှာစရာ ပုဂ္ဂိုလ်ဟု ခေါ်ဆိုကာ ထောင်ချသင့်သည်ဟု အကြံပြုရေးသားခဲ့သည်။

“A Higher Loyalty: Truth, Lies and Leadership” ဟု အမည်ပေးထားသော ကိုမေ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်သည် ဧပြီ ၁၇ ရက်တွင် ထွက်လာမည်ဖြစ်သည်။ ထိုစာအုပ်တွင် ကိုမေသည် ၎င်းနှင့် ထရန့်ကြားမှ အပြန်အလှန်ဆက်ဆံ၊ တုံ့ပြန်မှုများကို အသေးစိတ် ဖော်ပြထားသည်။ ထိုစာအုပ် မထွက်ရှိမီ ရက်အနည်းငယ်အလို၌ ABC သတင်းဌာနက အကြောင်းအရာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ကိုမေနှင့် မေးမြန်းခန်းကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

“သူဟာ ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းတွေကြောင့် သမ္မတ မဖြစ်သင့်ဘူးလို့ ကျွန်တော် မထင်ပေမယ့် ကျင့်ဝတ်ပိုင်းအရတော့ သမ္မတတစ်ဦးဖြစ်ဖို့ မသင့်လျော်ဘူးလို့ ထင်ပါတယ်” ဟု ကိုမေကပြောကြားခဲ့သည်။ ထိုမေးမြန်းခန်းသည် ယမန်နှစ်မေလတွင် ကိုမေ ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း ရုပ်သံမှထုတ်လွှင့်ခဲ့သော ပထမဆုံး ၎င်းနှင့် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ထရန့်သည် အမျိုးသမီးများကို အသားစိုင်များကဲ့သို့ ပြုမူပြောဆိုဆက်ဆံကြောင်း၊ ကိစ္စကြီးငယ်မဆို အဆက်မပြတ် လိမ်လည်ပြီး အမေရိကန်ပြည်သူများက ယုံကြည်အောင် မလျှော့တမ်းပြောလေ့ရှိကြောင်း ဖက်ဒရယ်အစိုးရရှေ့နေတစ်ဦးလည်း ဖြစ်ခဲ့သော ကိုမေက ထောက်ပြပြောဆိုခဲ့သည်။

“စံတန်ဖိုးတွေဟာ အရေးပါပါတယ်။ ဒီသမ္မတဟာ ဒီနိုင်ငံရဲ့စံတန်ဖိုးတွေကို မထင်ဟပ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ထရန့်၏ အစိုးရအဖွဲ့အတွင်း တာဝန်ထမ်းဆောင်ခြင်းသည် ကျင့်ဝတ်ပိုင်းအရ ပြင်းထန်သည့် အကျပ်ရိုက်မှုတစ်ခုဖြစ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီသမ္မတနဲ့ စိန်ခေါ်မှုဟာ ဘာလဲဆိုတော့ သူဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းကို ညစ်နွမ်းစွန်းထင်းစေတာပဲဖြစ်တယ်” ဟု ကိုမေက ပြောကြားသွားခဲ့သည်။ ABC သည် ကိုမေနှင့် မေးမြန်းခန်းကို တည်းဖြတ်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သော်လည်း မေးမြန်းခန်း၏ အသံဖိုင်စာသားကိုမူ အပြည့်အစုံကို ထုတ်ပြခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပြီး ၁၁ ရက်အကြာတွင် အီးမေးလ်စုံစမ်းမှုကို ပြန်ဖွင့်ရန် ၎င်း၏ ဆုံးဖြတ်ချက်ထဲတွင် ကလင်တန် သမ္မတဖြစ်လာမည်ဟု ၎င်း၏ ယုံကြည်ချက်မှာလည်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ကြောင်း ယခု မေးမြန်းခန်းအတွင်း ကိုမေကို ဝန်ခံခဲ့သည်။

“ကလင်တန်အီးမေးလ်စုံစမ်းမှုကို ကိုင်တွယ်တဲ့နေရာမှာ (မိုက်မဲစွာနဲ့) လူလိမ်လူညစ် ဟီလာရီ ဦးဆောင်နေခဲ့တဲ့ လူထုသဘောထား စစ်တမ်းတွေက အကြောင်းရင်းတစ်ခုလို့ ဂျိမ်းစ်ကိုမေက ပြောခဲ့တာဟာ မယုံနိုင်စရာပါဘဲ” ဟု ထရန့်က Twitter တွင် တုံ့ပြန် ရေးသားခဲ့သည်။

Ref: AFP

Most Read

Most Recent