အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က ဒေါ်လာ ၆ ဒသမ ၂ ဘီလျံတန်ဖိုးရှိ ဘိုရင်းလေယာဉ် အစင်း ၅၀ ဝယ်ယူ

အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က ဒေါ်လာ ၆ ဒသမ ၂ ဘီလျံတန်ဖိုးရှိ ဘိုရင်းလေယာဉ် အစင်း ၅၀ ဝယ်ယူ
Published 12 April 2018

၂၀၁၇ ခုနှစ် မတ် ၇ ရက်က ဝါရှင်တန်တွင် ဘိုရင်း၏ 737 Max 9 လေယာဉ်အား မီဒီယာကို ပြသနေစဉ် (Photo: AFP)

အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က အရှေ့တောင်အာရှနိုင်ငံတွင် ပို့ဆောင်ဆက်သွယ်ရေး ရုတ်တရက်မြင့်တက်လာမှုကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေစဉ် ဒေါ်လာ ၆ ဒသမ ၂ ဘီလျံ တန်ဖိုးရှိ သဘောတူညီမှု တစ်ခုအနေဖြင့် ဘိုရင်း  737 Max 10 လေယာဉ်အစင်း ၅၀ ဝယ်ယူခဲ့သည်ဟု ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လျှောက်လမ်းတစ်ခုသာ ပါဝင်သည့် ဘိုရင်း၏  737 Max အတွဲ၏ နောက်ဆုံးထုတ် ဖြစ်သော ယင်းလေယာဉ်သည် ခရီးသည် ၁၃၀ နှင့် ၂၃၀ အကြားဆံ့ပြီး ရေမိုင် ၃၈၅၀ (၇၁၃၀ ကီလိုမီတာ) အထိ ပျံသန်းနိုင်သည်ဟု ဘိုရင်း နှင့် Lion Air တို့က ထုတ်ပြန်ခဲ့သည်။

ယင်းအမှာစာသည် ယခုအချိန်ထိ Max 10 အတွက် တန်ဖိုးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၆ ဒသမ ၂၄ ဘီလျံခန့်ရှိသည်။ ၂၀၂၀ ပြည့်နှစ်မှစပြီး ပေးပို့ပေးမည့် ယင်းလေယာဉ် အသစ်များသည် လောင်စာ အလေအလွင့်မရှိဘဲ လေကြောင်းလုပ်ငန်းတွင် အမြတ်အစွန်းများသော လျှောက်လမ်းတစ်ခုပါ လေယာဉ်ဖြစ်လာမည်ဟု ဘိုရင်းနှင့် Lion Air တို့က ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်တွင် လေယာဉ် တစ်စင်းဖြင့်သာ စတင်ခဲ့သည့် စရိတ်နည်း လေကြောင်းလိုင်း Lion Air က  ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးလေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုထံမှ ဒေါ်လာ ၄၆ ဘီလျံ တန်ဖိုးရှိ လေယာဉ်များ မှာယူခဲ့မှုက လေ ကြောင်းလုပ်ငန်းကို အံ့အားသင့်စေခဲ့သည်။ ယင်းအချိန်တွင် Lion က ဘိုးရင်းလေယာဉ် အစင်း ၂၃၀ အတွက် ဒေါ်လာ ၂၂ ဒသမ ၄ ဘီလျံ သဘောတူညီမှုရရှိခဲ့ပြီးနောက် ဥရောပ ဧရာမလေယာဉ် တည်ဆောက်သည့်ကုမ္ပဏီ အဲဘတ်စ်ထံမှ ဒေါ်လာ ၂၃ ဒသမ ၈ ဘီလျံ တန်ဖိုးရှိ A320 ဂျက်လေယာဉ် ၂၃၄ စင်း ဝယ်ယူရန် သဘောတူခဲ့သည်။

လက်ရှိတွင် ယင်းလေကြောင်းလိုင်းသည်  စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ် နှင့် ဆော်ဒီအာရေဗျ အပါအဝင် ပြည်တွင်း နှင့် ပြည်ပ ခရီးစဉ် ၈၀ နီးပါးခန့်ကို ပျံသန်းပြေးဆွဲနေသည်။ ၁၉၉၉ ခုနှစ်တွင် ကတ်နန်နှင့် ရက်စ်ဒီကီရာနာ ညီအစ်ကိုများ ထူထောင်ခဲ့သည့် Lion Air လေကြောင်းလိုင်းသည် လေကြောင်းဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းအတွက် ရုန်းကန်နေရသည့် အင်ဒိုနီးရှား၏ ပထမဆုံး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းဖြစ်သည်။