Facebook ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားမှုအတွက် တာဝန်ရှိဟု ဇက်ကာဘက် နောင်တစကား ပြောကြား

Facebook ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားမှုအတွက် တာဝန်ရှိဟု ဇက်ကာဘက် နောင်တစကား ပြောကြား
Published 11 April 2018

ဧပြီ ၉ ရက်က ဝါရှင်တန်ရှိ အမေရိကန်ကွန်ဂရက်တွင် အထက်လွှတ်တော်အမတ် ဘီနယ်စင်နှင့် တွေ့ဆုံပြီးနောက် ထွက်လာသော ဇက်ကာဘက် (လယ်) ကို တွေ့ရစဉ် (Photo - AFP)

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် Facebook သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားခဲ့မှုနှင့် လုံခြုံရေး လစ်ဟင်းမှုများအတွက် ၎င်းတွင် တာဝန်ရှိကြောင်း Facebook အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘက်က ဧပြီ ၉ ရက်တွင်ဝန်ခံစကား ပြောကြားခဲ့သည်။ ဇက်ကာဘက်သည်  ဧပြီ ၁၀ ရက်တွင် ဒေါသထွက်နေသော အမေရိကန် ကွန်ဂရက်ဥပဒေပြုအမတ်များ ရှေ့မှောက်တွင် လာရောက်ကြားနာမည် ဖြစ်သည်။ ကွန်ဂရက်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များရှေ့မှောက်၌ ကြားနာမှုအတွက် ပြင်ဆင်ထားသော မှတ်ချက်များတွင် Facebook ကို အလွဲသုံးစားမှုများအတွက် ကာကွယ်ရန် ပျက်ကွက်ခဲ့ကြောင်း ဇက်ကာဘက်က ဝန်ခံခဲ့သည်။

ဗြိတိန်နိုင်ငံရေးအတိုင်ပင်ခံလုပ်ငန်း Cambridge Analytica က Facebook သုံးစွဲသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို ရယူခဲ့မှုအတွက် ဝေဖန်မှုများ ပြင်းထန်ချိန်တွင် အသက် ၃၃ နှစ်အရွယ် ဇက်ကာဘက်သည် ကွန်ဂရက်၌ ကြားနာရခြင်း ဖြစ်သည်။

အောက်လွှတ်တော် စွမ်းအင်နှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သော ကြားနာချက်တွင် ဇက်ကာဘက်က “ကျွန်တော်တို့ရဲ့ တာဝန်ရှိမှုအတွက် ကျယ်ကျယ်ပြန့်ပြန့် မရှုမြင်ခဲ့ပါဘူး။ ဒါက အမှားကြီးတစ်ခုပါ။ အဲဒါ ကျွန်တော့်အမှားပါ။ ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော်က Facebook ကို စတင်ခဲ့သူပါ။ အဲဒီဟာကို ကျွန်တော်က ဦးစီးနေပါတယ်။ အဲဒီမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော် တာဝန်ရှိပါတယ်” ဟု ဇက်ကာဘက်က ပြောကြားခဲ့သည်။ လူမှုကွန်ရက်ကို အသုံးပြု၍ အကျိုးအမြတ် ထုတ်ယူခြင်းထက် အသုံးပြုသူများကို ကာကွယ်ရန် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်မည်ဖြစ်ကြောင်း ဇက်ကာဘက်က ပြောကြားခဲ့သည်။

Cambridge Analytica ကဲ့သို့သော တတိယအဖွဲ့အစည်းများက Facebook ၏ အချက်အလက်များကို မလျော်မကန် အသုံးပြုမှုမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက်အရေး ယူဆောင်ရွက်ချက်များကို ဆက်တိုက်ကြေညာထားကြောင်း ဇက်ကာဘက်ကပြောကြားခဲ့သည်။ ဧပြီ ၉ ရက်တွင် ဇက်ကာဘက်နှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်လွှတ်တော် အမတ်ဘီနယ်စင်က Facebook ကို စည်းကမ်းထိန်းကွပ်မှုများ မကြာမီ ဆောင်ရွက်မည်ကို ဇက်ကာဘက်က နားလည်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးဆိုင်ရာ ချယ်လှယ်မှုများအတွက် Facebook ကို အလွဲသုံးမှုများအား ကာကွယ်ရန် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဇက်ကာဘက်က လူထောင်ချီခန့်ထားပြီး စောင့်ကြည့်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာ၌ ကျင်းပမည့် သက်တမ်းလတ်ရွေးကောက်ပွဲများ မတိုင်မီ စနစ်သစ် အဆင်သင့်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် ကြော်ငြာသူကို ဖော်ထုတ်ပေးရမည်ဖြစ်ပြီး ကြော်ငြာအတွက် ငွေကြေးစိုက်ထုတ်ပေးသူကိုလည်း အတည်ပြုပေးသည့် စနစ်သစ်ကို Facebook က ဆောင်ရွက်ပေးမည် ဖြစ်သည်။

Ref; AFP

Most Read

Most Recent