ဆီးရီးယားတွင် သံသယဖြစ်ဖွယ် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ထရန့် ကတိပြု

ဆီးရီးယားတွင် သံသယဖြစ်ဖွယ် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ထရန့် ကတိပြု
Published 11 April 2018

ဧပြီ ၉ ရက်က ဝါရှင်တန်ရှိ အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ဆီးရီးယားအရေး ဆွေးနွေးပွဲ၌ သမ္မတ ထရန့် (ယာ-ဒုတိယမြောက်) ကို တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခတွင် သံသယဖြစ်ဖွယ် ဓာတုလက်နက်များဖြင့် ရက်စက်ကြမ်းကြုတ်စွာ နောက်ဆုံးတိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့ပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရအား စစ်ရေးဖြင့် အရေးယူနိုင်ခြေကို ဧပြီ ၁၀ ရက်တွင်ဆုံး ဖြတ်သွားမည် ဖြစ်သည်။

ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းအား စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့်ရုရှားတို့က အဆိုပြုချက်များ အပြိုင်အဆိုင်တင်သွင်းခဲ့မှုကိုလုံခြုံ ရေးကောင်စီက ဧပြီ ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားစဉ် ဗြိတိန်နှင့်ပြင်သစ်တို့၏ ထောက်ပံ့မှုရထားသော အမေရိကန်က ကုလသမဂ္ဂ၏ထောက်ခံမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တုံ့ပြန်ဆောင်ရွက်သွားရန်  အသင့်ရှိနေဟု သတိပေးခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်ဆွေးနွေးပွဲ၌ ဝါရှင်တန်နှင့် မော်စကိုတို့သည် သဘောထားအကြီးအကျယ် ကွဲလွဲခဲ့ကြပြီး အမေရိကန်က စစ်ရေးဖြင့်အရေးနိုင်ခြေသည် အလွန့်အလွန် အန္တရာယ်ကြီးမားကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီနီဘင်ဇီယာက သတိပေးခဲ့သည်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး သူပုန်များထိန်းချုပ်ထားသော ဒိုမာမြို့တွင် ဧပြီ ၇ ရက်ကအဆိပ်သင့် ကလိုရင်း ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးများက ထုတ်ပြန်ခဲ့ပြီးနောက် ထိုတိုက်ခိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းရန်အမေရိကန်က ကုလသမဂ္ဂအား တောင်းဆိုခဲ့မှုကို နီဘင်ဇီယာက ပယ်ချခဲ့သည်။

ဆီးရီးယားတွင် ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းအား ကုလသမဂ္ဂ၌ မဲခွဲရန်အတွက် အမေရိကန်က တွန်းအားပေးနေကြောင်း သံတမန်များက ပြောကြားခဲ့ကြသည်။ နောက်ဆုံးဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုအတွက် ပူတင်က တာဝန်ခံနိုင်သလားဟု ထရန့်က အစောပိုင်းတွင် မေးမြန်းခဲ့ပြီး “လူတိုင်းက ပြန်ပြီးပေးဆပ်ရမယ်။ သူရောပဲ။ အားလုံးက ပေးဆပ်ရမယ်” ဟု ထရန့်က သတိပေးခဲ့သည်။ ထရန့်သည် ပြင်သစ် သမ္မတအီမန်နျူ ရယ်မက်ခရွန်နှင့် နှစ်ရက်အတွင်း ဒုတိယအကြိမ် ဖုန်းဖြင့်ဆွေးနွေးခဲ့ပြီး ဓာတုလက်နက်များအား ပိတ်ပင်မှုကို ချိုးဖောက်သည့် ထိုတိုက်ခိုက်မှုသစ်များအား အပြည်ပြည်ဆိုင်ရာမှ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို လိုလားကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့ကြသည်။

တစ်ချိန်က အင်အားကောင်းခဲ့သည့် အရှေ့ဂိုတာတွင် သူပုန်များက နောက်ဆုံးထိန်းချုပ်ထားသောနယ်မြေ၌ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံခဲ့ရမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ရသည်ဟု ဒိုမာရှိ ကယ်ဆယ်ရေးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ကြသည်။

ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် အာဆတ်အစိုးရက ပါဝင်ပတ်သက်နေကြောင်း အထောက်အထားများ ထွက်ပေါ်လာပါက ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြင်သစ်ကလည်း သတိပေးခဲ့သည်။ ဆီးရီးယားအစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းပတ်များစွာ ကြုံခဲ့ရသည့် ထိုဒေသသို့ ဝင်ရောက်မှု ကန့်သတ်ခံခဲ့ရခြင်းကြောင့် ထိုထုတ်ပြန်မှုများကို အေအက်ဖ်ပီက လွတ်လပ်စွာ အတည်မပြုနိုင်သေးပေ။

Ref ; AFP

Most Read

Most Recent