အိန္ဒိယတွင် ရထားတွဲများ စက်ခေါင်းတွဲပြုတ်ပြီး မိုင်ပေါင်းများစွာ နောက်သို့လိမ့်သွားခဲ့

အိန္ဒိယတွင် ရထားတွဲများ စက်ခေါင်းတွဲပြုတ်ပြီး မိုင်ပေါင်းများစွာ နောက်သို့လိမ့်သွားခဲ့
Published 10 April 2018

ဧပြီ ၇ ရက်ညပိုင်းက အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်တွင် နောက်သို့လိမ့်နေသည့် ရထားအား တွေ့ရစဉ် (Photo - AFP)

လူပေါင်း ၁၀၀၀ ကျော်စီးနင်းလာသော ရထားတွဲ ၂၂ တွဲသည် စက်ခေါင်းတွဲမှ ပြုတ်ထွက်ပြီး မိုင်ပေါင်းများစွာ အရှိန်နှင့် နောက်ပြန်လိမ့်သွားခဲ့ပြီးနောက် ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်မည့်အရေးမှ သီသီလေးလွှဲဖည်နိုင်ခဲ့သည်ဟု အိန္ဒိယရထားလမ်းဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သြရိဿပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်အတွင်း ရထားတွဲများသည် ၁၂ ကီလိုမီတာ ( ခုနစ်မိုင်) အထိ နောက်သို့ အရှိန်နှင့် လိမ့်သွားခဲ့ပြီးနောက် ဝန်ထမ်းများက သံလမ်းပေါ်သို့ ကျောက်ခဲများ ချထားလိုက်သည့်အတွက် ရထားမှာ တသိမ့်သိမ့်တုန်ပြီး ရပ်တန့်သွားခဲ့ရသည်။

ဧပြီ ၇ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်အတွင်း လိုက်ပါသူခရီးသည် ၁၀၀၀ ကျော်အနက် တစ်ဦးမျှဒဏ်ရာရခဲ့ခြင်း မရှိဟု အရှေ့ပိုင်းခရိုင် မီးရထားဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျေပီမက်ရှရာက ပြောခဲ့သည်။

သို့သော် လုပ်ထုံးလုပ်နည်းအတိုင်း မလိုက်နာခဲ့သော မီးရထားဝန်ထမ်း ခုနစ်ဦးကို တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ရထားတွဲများသည် အနောက်ပိုင်းပြည်နယ် ဂူဂျရတ်မှ သြရိဿသို့သွားသည့် ခရီးအတွင်း အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြသည်။ အာဏာပိုင်များကမူ တပ်ဆင်ထားသော ဘရိတ်များသည် ရထားတွဲ ပြုတ်ထွက်သွားချိန်က အသုံးပြုမှု နည်းမမှန်ခဲ့ခြင်း သို့မဟုတ် လျစ်လျူရှုခံခဲ့ရခြင်းဖြစ်နိုင်သည်ဟု ယုံကြည်နေကြသည်။

“ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သတိရှိတဲ့ ဝန်ထမ်းကြောင့် ဖြစ်ရပ်ဆိုးကြီးကို လွှဲဖယ်နိုင်ခဲ့တာပါ။ လုံခြုံရေးဆိုတာ အလျှော့အတင်း လုပ်လို့မရနိုင်ပါဘူး” ဟု ပြောခွင့်ရပုဂ္ဂိုလ် မက်ရှရာက ပြောကြားခဲ့သည်။ “ရထားလမ်း ဝန်ကြီးဌာနက လူတိုင်းလည်း ကြောက်ရွံ့ထိတ်လန့်သွားကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးခဲ့ပြီး လူမှုမီဒီယာ ပေါ်သို့တင်ခဲ့သည့် ဗီဒီယိုထဲတွင် ရထားတွဲများသည် အရှိန်ဖြင့် နောက်သို့လိမ့်သွားနေစဉ် ဘေးတွင်ဝိုင်းကြည့်နေသူများက ခရီးသည်များအား အရေးပေါ် ဘရိတ်ကိုဆွဲလိုက်ရန် ဝိုင်းအော်နေကြသည်ကို တွေ့ရသည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ရထားအစင်းပေါင်း ၉၀၀၀ ခန့် နေ့စဉ်ပြေးဆွဲနေပြီး နေ့စဉ်ရထားဖြင့် သွားလာနေသည့် ခရီးသည် ဦးရေမှာ ၂၂ သန်းကျော်ရှိသည်။

ယခုဖြစ်စဉ်သည် ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားသဖြင့် ယိုယွင်းနေသော အိန္ဒိယရထားလမ်းကွန်ရက်အတွင်း ဖြစ်ပွားခဲ့သည့် နောက်ဆုံးဒုက္ခတွေ့မှုတစ်ခု ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က နိုင်ငံမြောက်ပိုင်းတွင် အမြန်ရထားတစ်စင်း၏ ရထားတွဲ ၁၃ တွဲမှာ လမ်းချော်သွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့သည်။ ယင်း မတိုင်မီရှေ့တစ်နှစ်ကမူ အလားတူလမ်းချော်မှု ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၄၆ ဦး ရှိခဲ့သည်။

၂၀၁၂  ခုနှစ်က အစိုးရ၏ အစီရင်ခံစာအရ နိုင်ငံတွင်း၌ ရထားနှင့်ပတ်သက်ပြီးနည်း အမျိုးမျိုးဖြင့် သေဆုံးသူဦးရေသည် နှစ်စဉ် ၁၅၀၀၀ နီးပါးရှိကြောင်း ဖော်ပြခဲ့ပြီး ယင်းဖြစ်စဉ်သည် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးဟု သုံးနှုန်းသွားခဲ့သည်။

Ref; AFP

Most Read

Most Recent