ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများ၏ ဆန္ဒပြမှု၌ ပဋိပက္ခဖြစ်ပွားပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများ၏ ဆန္ဒပြမှု၌ ပဋိပက္ခဖြစ်ပွားပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရ
Published 10 April 2018

ဧပြီ ၉ ရက်က ဒါကာတွင် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားများနှင့် ရဲများ ပဋိပက္ခဖြစ်ပွားနေစဉ် (Photo- AFP)

ဘင်္ဂလားဒေ့ရှ် ထိပ်တန်းတက္ကသိုလ်၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့ပြီးနောက် ဧပြီ ၉ ရက်တွင် နိုင်ငံတစ်ဝန်း၌ ထောင်ပေါင်းများစွာသော ကျောင်းသားများသည် ဆန္ဒပြမှုများနှင့် ထိုင်သပိတ်များကို ပြုလုပ်ခဲ့ကြသည်။ အထူးပြု အဖွဲ့များအား မျက်နှာသာပေးသော အစိုးရ၏ ခွဲခြားသည့် အလုပ်အကိုင်ခွဲတမ်းပေးမှုကို ဆန့်ကျင်သည့် ဒါကာတက္ကသိုလ်မှ ကျောင်းသားများအား ရဲတပ်ဖွဲ့က ရော်ဘာကျည်နှင့် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု၍ နှိမ်နင်းခဲ့သည်။ ယင်းဆန္ဒပြမှုများသည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ ဆယ်စုနှစ်ကြာ အာဏာချုပ်ကိုင်မှုအတွင်း ရင်ဆိုင်ရသော အကြီးမားဆုံး ဆန္ဒပြမှုများအနက်တစ်ခု ဖြစ်သည်။

အစိုးရဝန်ကြီးတစ်ဦးက ဒါကာတွင် ဧပြီ ၉ ရက်၌ ဆန္ဒပြခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း စစ်တကောင်း၊ ခူနာ၊ ရက်ဂျ်ရှာဟီ၊ ဘာရီဆယ်၊ ရန်းပူ၊ ဆိုင်ဟက်နှင့် ဆာဗာတို့ရှိ အစိုးရတက္ကသိုလ်များမှ ကျောင်းသားများကလည်း အတန်းများအား သပိတ်မှောက်ပြီး ထိုင်သပိတ် ဆင်နွှဲခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မီဒီယာတို့က ထုတ်ပြန်ခဲ့ကြသည်။

ဆန္ဒပြသူများနှင့် ရဲများအကြား ဧပြီ ၈ ရက်ညတွင် စတင်အချင်းများခဲ့ကြပြီး ဧပြီ ၉ ရက် အစောပိုင်းအထိ ဖြစ်ပွားခဲ့ကာ ဒါကာ တက္ကသိုလ်သည် တိုက်ပွဲဇုန်တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထောင်ပေါင်းများစွာသော ကျောင်းသားများသည် အတန်းများအား သပိတ်မှောက်ပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ချိန်တွင် အဓိကမြို့ကြီးအချို့တွင်လည်း အလားတူဆန္ဒပြမှုများကို စတင်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်များဖြင့် ပစ်ခတ်ချိန်၌ ကျောင်းသားများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းဖြစ်ကြောင်း၊ ကျောင်းထဲရှိ ရင်ပြင်အား ရှင်းလင်းရန် ရဲတပ်ဖွဲ့က နံပါတ်တုတ်များနှင့် ရေအမြောက်ကို အသုံးပြုခဲ့ကြောင်း ဒါကာရှိ ဆန္ဒပြမှု စီစဉ်သူများက ပြောကြားခဲ့သည်။ အင်အားသုံးမှုများသည် ကျောင်းဝင်းထဲ၌ ပျံ့နှံ့သွားချိန်တွင် ထောင်ပေါင်းများစွာသော ကျောင်းသားကျောင်းသူများသည် ရဲများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

ဆန္ဒပြကျောင်းသားများက ဒါကာ တက္ကသိုလ်၏ ဒုတိယအဓိပတိနေအိမ်ကို ခဲများဖြင့်ပေါက်ခြင်းနှင့် လက်သရမ်းဖျက်ဆီးခြင်း၊ ကားနှစ်စီးအား မီးရှို့ခြင်း၊ အနုပညာဌာနကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ထိပ်တန်းတာဝန်ရှိသူ အဇီငူဟက်က ပြောကြားခဲ့သည်။ လူ ၁၅ ဦးအား ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစိုးရဝန်ထမ်းအလုပ် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းကို ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲမှ စစ်ပြန်များ၏ မိသားစုဝင်များနှင့် နောက်ခံအားနည်းသော လူနည်းစုများအတွက် လျာထားရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကျောင်းသားများက မကျေနပ်ခဲ့ကြပေ။ ယင်းဆုံးဖြတ်ချက်ကြောင့် တက္ကသိုလ်ဘွဲ့ရများက ကျန်ရှိသော ၄၄ ရာခိုင်နှုန်းကို ရရှိရန်သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

ထိပ်တန်းအဆင့် အလုပ်အကိုင်များအတွက် ခွဲတမ်းကို ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသင့်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟာဆန်အယ်မာမမ်က ပြောကြားခဲ့သည်။ ကျောင်းသားများသည် အထူးသဖြင့် လွတ်လပ်ရေးစစ်ပွဲပြန်များ၏ မိသားစုများအတွက် အလုပ်အကိုင်ခွဲတမ်း ရာခိုင်နှုန်း ၃၀ လျာထားမှုကို  ဒေါသထွက်ခဲ့ကြခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent