အမေရိကန်နှင့် ပြင်သစ်တို့၏ သတိပေးမှုထွက်ပေါ်ခဲ့ပြီးနောက် ဆီးရီးယားလေတပ်စခန်းတစ်ခု ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရ

အမေရိကန်နှင့် ပြင်သစ်တို့၏ သတိပေးမှုထွက်ပေါ်ခဲ့ပြီးနောက် ဆီးရီးယားလေတပ်စခန်းတစ်ခု ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရ
Published 10 April 2018

ဧပြီ ၇ ရက်က ဆီးရီးယားရှိ ဦးထုပ်ဖြူအဖွဲ့က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် သံသယဖြစ်ဖွယ်အဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုအပြီး ကလေးတစ်ဦးအား ချီလာသည့် ကယ်ဆယ်ရေးသမားတစ်ဦးကို တွေ့ရစဉ် (Photo - AP)

ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး သူပုန်များထိန်းချုပ်ထားသော ဒေသတစ်ခုတွင် ဓာတုလက်နက်များဖြင့် ထိတ်လန့်ဖွယ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အပြင်းအထန် တုံ့ပြန်သွားမည်ဟု အမေရိကန်နှင့် ပြင်သစ်တို့က သတိပေးခဲ့ပြီးနောက် ဆီးရီးယားစစ်ဘက် လေဆိပ်တစ်ခုသည် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဆီးရီးယားအစိုးရ ပိုင်သတင်းအေဂျင်စီဆာနာက ဧပြီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒိုမာမြို့တွင် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ ပြီးနောက် ကုလသမဂ္ဂက ဧပြီ ၉ ရက်တွင် အစည်းအဝေးမကျင်းပီ နာရီပိုင်းအလို၌ ဆီးရီးယားအလယ်ပိုင်း ဟွမ်းပြည်နယ်ရှိ T- 4 ဟုလည်း လူသိများသည့် တီယက်စ်လေတပ် စခန်းတိုက်ခိုက်ခံခဲ့ရမှုတွင် တာဝန်မရှိဟု အမေရိကန်က ငြင်းဆိုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့က ဖုန်းဆက်ဆွေးနွေးခဲ့ပြီး လူဒါဇင်များစွာ သေဆုံးခဲ့ရသော သံသယဖြစ်ဖွယ် ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန်နှင့် ပူးတွဲတုံ့ပြန်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ဧပြီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရက တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဓာတုလက်နက်များဖြင့် အကြောင်းမဲ့ တိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူအများအပြား သေဆုံးခဲ့ရကြောင်း ထရန့်က အစောပိုင်းတွင် Twitter ၌ ရေးသားခဲ့သည်။ တိရစ္ဆာန် အာဆတ်အား ထောက်ခံမှုအတွက် သမ္မတပူတင်၊ ရုရှားနှင့် အီရန်တို့တွင် တာဝန်ရှိကြောင်း၊ တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း ထရန့်က ရေးသားခဲ့သည်။

တီယက်စ်လေဆိပ်အား ဒုံးအများအပြားထိမှန်ခဲ့ကြောင်း ဆာနာက ဧပြီ ၉ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း သေဆုံးနှင့် ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ တီယက်စ်လေဆိပ်အား ဒုံးဖြင့်ပစ်ခတ်မှုသည် အမေရိကန်၏တိုက်ခိုက်မှုဟု သံသယရှိကြောင်း ဆာနာက ကနဦးတွင် ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်း၌ အမေရိကန်ကို ရည်ညွှန်းမှုအားလုံးကို ရုပ်သိမ်းခဲ့သည်။

ထိုပစ်ခတ်မှုများအတွင်း ဆီးရီးယားအစိုးရ၏ မဟာမိတ်များဖြစ်သည့် အီရန်တပ်ဖွဲ့ဝင်များအပါအဝင် တိုက်ခိုက်ရေးသမား ၁၄ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြင်သစ်ကလည်း ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ပြင်သစ်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ပက်ထရစ်စတေဂျာက ငြင်းဆိုခဲ့သည်။

ဆီးရီးယားရှိ သူပုန်များထိန်းချုပ်ထားသောဒေသများတွင် ပထမဆုံးတုံ့ပြန်ဖြေရှင်း ကြသူများဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Syria’ White Helmet က သူပုန်များက ထိန်းချုပ်ထားသည့် လက်ကျန်နယ်မြေ ဒိုမာတွင် အဆိပ်သင့်သော ကလိုရင်းဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဧပြီ ၇ ရက်နှောင်းပိုင်း၌ ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအား တုံ့ပြန်ရန် အမေရိကန်တပ်များက ဆီးရီးယားအစိုးရ၏ Shayrat လေတပ်စခန်းကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

Ref ; AFP

Most Read

Most Recent