ထရန့်က ဒေါ်လာ ဘီလျံ ၁၀၀ ထပ်မံအခွန်စည်းကြပ်မည်ဟု ခြိမ်းခြောက်၊ ကုန်သွယ်ရေး စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေဟု တရုတ်တုံ့ပြန်

ထရန့်က ဒေါ်လာ ဘီလျံ ၁၀၀ ထပ်မံအခွန်စည်းကြပ်မည်ဟု ခြိမ်းခြောက်၊ ကုန်သွယ်ရေး စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေဟု တရုတ်တုံ့ပြန်
Published 7 April 2018

၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်က တရုတ်နိုင်ငံ ဟီပေပြည်နယ်ရှိ ဟန်သံမဏိစက်ရုံ၏ ဂိုဒေါင်တစ်ခုကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်ကို ဒေါ်လာဘီလျံ ၁၀၀ အခွန် ထပ်မံစည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဧပြီ ၆ ရက်တွင် တရုတ်က ကုန်သွယ်ရေးစစ်ပွဲအတွက် မည်သည့်တန်ဖိုးကိုမဆို ပေးရန် အဆင်သင့်ရှိနေသည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

“ တရုတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန့်ကျင်မှုကို လျစ်လျူပြုပြီးအမေရိကန်ဟာ တစ်ဖက်သတ် လုပ်ဆောင်ချက်တွေ၊ ကုန်သွယ်ရေးအကျိုးစီးပွားကာကွယ်မှုတွေ ဆက်ပြီးလုပ်သွားမယ်ဆိုရင်တော့ တရုတ်ဟာ မည်သည့်တန်ဖိုးကိုမဆိုပေးပြီး အဆုံးအထိ ရင်ဆိုင်သွားမှာဖြစ်ပါတယ်” ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ဟာ ကုန်သွယ်ရေးစစ်ပွဲကို မလိုလားပေမယ့် တိုက်ရမှာတော့ မကြောက်ပါဘူး”ဟု ထိုထုတ်ပြန်ချက်တွင် ရေးခဲ့သည်။

အခွန်စည်းကြပ်ခြင်းကိုခံရမည့် ဒေါ်လာ ဘီလျံ ၅၀ ရှိသော တရုတ်တင်ပို့ကုန်များ စာရင်းကို အမေရိကန်က ဧပြီ ၃ ရက် တွင် ထုတ်ပြန်ခဲ့သည်။ ဉာဏဖြင့် တီထွင်ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်နှင့် နည်းပညာများ

ကို တရုတ်က ခိုးယူသည်ဟူသော စွပ်စွဲချက်အတွက် ထိုသို့ အခွန်စည်းကြပ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၄ ရက်တွင်မူ တရုတ်က လက်တုံ့ ပြန်သည့်အနေနှင့် ဒေါ်လာ ဘီလျံ ၅၀ တန်ဖိုးရှိသည့် အမေရိကန်၏ အဓိကတင်ပို့ ကုန်များအပေါ် အခွန်စည်းကြပ်ရန် အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။ ယင်းတို့တွင် ပဲပိစပ်၊ ကားနှင့်  အသေးစား လေယာဉ်များ ပါဝင်သည်။

ထရန့်ကမူ တရုတ်အစိုးရ၏ တုံ့ပြန် လုပ်ဆောင်ချက်များသည် အခြေအနေကို နှစ်ဆပိုမိုဆိုးရွားစေသည်ဟု နောက်တစ်ရက်တွင် ပြောကြားခဲ့သည်။ “သူတို့ရဲ့ လက်မခံနိုင်တဲ့အပြုအမူတွေအတွက် ကုစားပေးရမယ့်အစား တရုတ်ဟာ ကျုပ်တို့ရဲ့ လယ်သမားတွေ၊ ထုတ်လုပ်သူတွေကို ထိခိုက် နစ်နာစေအောင်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်” ဟု ထရန့်ကဆိုသည်။ တရုတ်၏ မမျှတသော ထိုသို့လက်တုံ့ပြန်မှုကြောင့် ဒေါ်လာ ဘီလျံ ၁၀၀ တန်ဖိုးရှိသည့် နောက်ထပ်အခွန်များကို ထပ်မံ စည်းကြပ်ရန် သင့်၊ မသင့် စဉ်းစား ရေးအတွက် ကုန်သွယ်ရေးအရာရှိများကို ညွှန်ကြားထားကြောင်းလည်း ထရန့်က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထရန့်က ၎င်းသည် ဆွေးနွေးမှုများ ပြုလုပ်ရန်တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ဆိုသည်။ သို့သော် ယင်းသို့ဆွေးနွေးရန် တစ်ဖက်က လွတ်လပ်မျှတပြီး အပြန်အလှန်ရှိသည့် ကုန်သွယ်ရေးရရှိရန် ရည်ရွယ်ချက်ရှိမှသာဖြစ်မည်ဟု ပြောခဲ့သည်။

ထရန့်၏ ပထမဆုံးအဆိုပြုလိုက်သော အခွန်များနှင့် ပတ်သက်၍ တရုတ်က ဧပြီ ၅ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ထံ တရားဝင် စောဒကတက်ခဲ့သည်။ WTO မှ ထုတ်ပြန်ချက်၌ တရုတ် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်မှလာသော ကုန်များ အပေါ် အမေရိကန်၏ အခွန်စည်းကြပ်ရန် အဆိုပြုချက်များနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုခြင်းဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ ဆွေးနွေးရန် တောင်းဆိုခြင်းသည် WTO ၏ ပဋိပက္ခဖြေရှင်းရေးခုံရုံးတွင် တရားရေးစိန်ခေါ်မှုကြီး ဖြစ်မလာမီ ပထမ ခြေလှမ်းဖြစ်သည်။ ထို့ပြင်တရုတ် အစိုးရသည် အမေရိကန်၏နိုင်ငံရေးအရ ထိရှလွယ်သော ပို့ကုန်များကို ပစ်မှတ်ထားသည့် အခွန်စည်းကြပ်မှုများ ပြုလုပ်ရန် အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။

 

အမိုက်မဲဆုံးနည်းလမ်း

ထိုအခွန်စည်းကြပ်မှုများသည် ယခုအချိန်အထိ အသက်ဝင်ခြင်း မရှိသေးသော်လည်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံ၏ ထိပ်တိုက်တွေ့မှုသည် ကမ္ဘာ့စီးပွားရေးကိုပါ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကုန်သွယ်ရေး စစ်ပွဲဖြစ် နိုင်ခြေရှိမှုက ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များကို လျင်မြန်စွာ အတက်အကျဖြစ်စေကာ ကုန်သည်များမှာလည်း ထိုခြိမ်းခြောက်သည် အစစ်အမှန်လား၊ သြင်္ကန်အမြှောက်လား ဆိုသည်ကို ဝေခွဲနိုင်ခြင်း မရှိသေးပေ။

“တရုတ်ဟာ ကိစ္စအတော်များများမှာ အပြစ်ရှိတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အခုအနိုင်ရဖို့ သမ္မတမှာ စစ်မှန်တဲ့ စီမံကိန်းမရှိပါဘူး။ သူဟာ အမေရိကန်ရဲ့ စိုက်ပျိုးရေးကို မီးလောင်တိုက်သွင်းဖို့ ခြိမ်းခြောက်နေတာပါ။  တရုတ်ရဲ့ဆိုးရွားတဲ့ အပြုအမူကို ရင်ဆိုင်ကြမယ်ပဲဆိုပါစို့။ဒါပေမဲ့ ကိုယ့်ကိုထိမယ့်အစား သူတို့ကို အပြစ်ပေးနိုင်မယ့် အစီအစဉ်မျိုးဖြစ်ရပါမယ်။ အခုလိုမျိုး လုပ်တာကတော့ အမိုက်မဲဆုံး နည်းလမ်းပါပဲ” ဟု အမေရိကန်အထက်လွှတ်တော်အမတ် ဘင်ဆက်စီက ပြောကြားခဲ့သည်။

Most Read

Most Recent