မလေးရှား ဝန်ကြီးချုပ်က ရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာ

မလေးရှား ဝန်ကြီးချုပ်က ရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းကြောင်း ကြေညာ
Published 7 April 2018

မလေးရှား ပါလီမန်အား ဖျက်သိမ်းရန် ဝန်ကြီးချုပ်နာဂျစ်က ကြေညာနေသည့်သတင်းကို ဧပြီ ၆ ရက်က ကွာလာလမ်ပူတွင် ကြည့်ရှုနေကြစဉ် (Photo: AFP)

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်သည် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဧပြီ ၆ ရက်က ကြေညာခဲ့သည်။ ကြီးမားသော ငွေရေးကြေးရေးဆိုင်ရာ အရှုပ်တော်ပုံကြီးတစ်ခုနှင့် ခေါင်းဆောင်ဟောင်း မဟာသီ ယာ၏စိန်ခေါ်မှုတို့ကြောင့် ထိုရွေးကောက်ပွဲသည် နာဂျစ်ရာဇက်၏ အာဏာရ ညွန့်ပေါင်းအတွက် အခက်ခဲဆုံးစမ်းသပ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အစိုးရရုပ်သံမှ ထုတ်လွှင့်သည့် ၂၅ မိနစ်ကြာ မိန့်ခွန်းအတွင်း နာဂျစ်က ၎င်းတို့၏ Barisan Nasional ညွန့်ပေါင်းအဖွဲ့၏ မကြာသေးမီကာလအတွင်းက လုပ်ဆောင်ချက်များကို ပြောပြခဲ့ပြီးနောက် ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးသည့်အနေနှင့် ပါလီမန်ကို ဧပြီ ၇ ရက်တွင် ဖျက်သိမ်းမည်ဟု ကြေညာခဲ့သည်။ “ကျွန်တော်တို့တွေ ကတိအတိုင်း လုပ်ဆောင်နေကြပါတယ်။ ဆက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Barisan Nasional က နောက်ထပ်ငါးနှစ်ထပ်ပြီး အုပ်ချုပ်နိုင်ဖို့ သင်တို့ထံကနေ ခွင့်ပြုချက်ရအောင် ကျွန်တော် ကြိုးပမ်းသွားမှာပါ” ဟု နာဂျစ်က ပြောကြားခဲ့သည်။

ပါလီမန်ဖျက်သိမ်းကြောင်း ကြေညာပြီးသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွေးကောက်ပွဲကော်မရှင်က လာမည့်ရက်အတွင်း ကြေညာမည်ဖြစ်ပြီး မေလအစောပိုင်းတွင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

Barisan Nasional ညွန့်ပေါင်းသည် ဗြိတိန်ကိုလိုနီလက်အောက်က လွတ်မြောက်သည့် ၁၉၅၇ ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ညွန့်ပေါင်းအဖွဲ့အား လူထုထောက်ခံမှုသည် ပြီးခဲ့သည့်ကာလများအတွင်းက ကျဆင်းလာခဲ့ပြီး အစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1 MDB နှင့် ဆက်စပ်သော အရှုပ်တော်ပုံမှာလည်း ကမ္ဘာတစ်ဝန်းရှိ သတင်းများ၌ခေါင်းစီးဖြစ်ခဲ့သည်။

သို့သော်လည်း ညွန့်ပေါင်းမှ အဓိကပါတီဖြစ်သည့် နာဂျစ်၏ညီညွတ်သော မလေးအမျိုးသားအဖွဲ့အစည်း (UMNO) မှာမူ လူများစု မလေးမွတ်စလင်တို့အကြိုက်မူဝါဒများကို ချမှတ်ရင်း အာဏာကို ကုပ်တွယ်ထားခဲ့သည်။ ၂၀၁၃ ခုနှစ်က ရွေးကောက်ပွဲတွင်မူ ပါတီသည် မဲအများစုကို သမိုင်းတွင်ပထမဆုံးအကြိမ်ဆုံးရှုံးကာ ယင်းအချိန်ကတည်းက ရုန်းကန်နေရသည့် အခြေအနေ ရောက်ခဲ့သည်။

ခြစားမှု အရှုပ်တော်ပုံများ ထပ်ခါထပ်ခါ ဖြစ်နေခြင်း၊ အတော်အတန် များပြားသော ပမာဏရှိသည့်  တရုတ်နှင့်အိန္ဒိယ လူနည်းစုများရှိရာ မလေးရှားနိုင်ငံအတွင်းမှ လူမျိုးရေးစိတ်ဝမ်းကွဲမှုများ၊ လူနေမှုစရိတ် မြင့်တက်မှုများကြောင့် မဲဆန္ဒရှင်များက စိတ်ပျက်လာကြပြီ ဖြစ်သည်။

ထို့ပြင် အသက် ၉၂ နှစ်အရွယ် မဟာသီယာသည် တစ်ချိန်က ၎င်း၏လက်သပ် မွေးတပည့်ဖြစ်သော နာဂျစ်နှင့် ရင်ဆိုင်ရန် ပြန်လာမည်ဖြစ်သဖြင့် နာဂျစ်၏ ရွေးကောက်ပွဲအောင်နိုင်မှုမှာ ရာခိုင်နှုန်း ပိုနည်းလာခဲ့သည်။ သို့သော် မဟာသီယာ၏နိုင်ငံရေး ပါတီသစ် BN သည် မှန်ကန်သော စာရွက်စာတမ်း တင်ပြနိုင်ခဲ့ခြင်းမရှိသောကြောင့်  အာဏာပိုင်များက ယာယီဖျက်သိမ်းရန် ဧပြီ ၅ ရက်က ညွှန်ကြားခဲ့သဖြင့် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်ခဲ့ရသည်။

Most Read

Most Recent