ခရီးသည်က ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် စင်ကာပူလေကြောင်းလိုင်း Scoot ၏လေယာဉ်ကို တိုက်လေယာဉ်များနှင့် စောင့်ကြပ်ခေါ်ယူခဲ့ရ

ခရီးသည်က ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် စင်ကာပူလေကြောင်းလိုင်း Scoot ၏လေယာဉ်ကို တိုက်လေယာဉ်များနှင့် စောင့်ကြပ်ခေါ်ယူခဲ့ရ
Published 6 April 2018

Photo: AFP

စင်ကာပူ စရိတ်နည်းလေကြောင်းလိုင်း  Scoot ၏ အဲဘတ်စ် A 320  လေယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးက ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တိုက်လေယာဉ်များက ယင်းလေယာဉ်ကို စင်ကာပူသို့ စောင့်ကြပ်ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လေ ကြောင်းလိုင်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဟက်ယိုင်သို့ ဦးတည်နေသော ယင်းလေယာဉ်ကို စင်ကာပူတိုက်လေယာဉ်နှစ်စင်းက ဧပြီ ၅ ရက်တွင် စင်ကာပူသို့ ဘေးကင်းစွာ စောင့်ကြပ်ပျံသန်းခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၃း၂၃ နာရီတွင် ချန်ဂီလေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လေယာဉ်ကို ရှာဖွေခဲ့ပြီး ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော ခရီးသည်နှင့် ယင်းခရီးသည်၏ ခရီးသွားဖော်နှစ်ဦးတု့ိ၏ အိတ်များကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မည်သည့်ခြိမ်းခြောက်မှုမှ မတွေ့ခဲ့ဘဲ ခရီးသည်သုံးဦးက စုံစမ်းစစ်ဆေးမှုကို ကူညီခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၃ ဦး နှင့် လေယာဉ်အမှုထမ်းခြောက်ဦး လိုက်ပါခဲ့ပြီး အားလုံးဘေးကင်းကြောင်း၊ ညနေပိုင်းတွင် ဟက်ယိုင်သို့ ခရီးစဉ်ကို ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း Scoot လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

စင်ကာပူသည် အကြမ်းဖက်မှုများကို လုံးဝနီးပါး ဟန့်တားထားနိုင်သည့် မှတ်တမ်းရှိသော်လည်း အနောက်နိုင်ငံများတွင် မကြာသေးခင်နှစ်များက အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာသောကြောင့် အကြမ်းဖက်မှု တားဆီးရေးကို အရှိန်မြှင့်ဆောင်ရွက်နေသည်။

စင်ကာပူလေတပ်၏ F-15 SG တိုက်လေယာဉ်နှစ်စင်းသည် လေယာဉ်မှူး၏ အကြောင်းကြားချက်ကို ချက်ချင်းတုံ့ပြန်ခဲ့ပြီး တောင်တရုတ်ပင်လယ် ဝေဟင်မှ ခရီးသည် တင်လေယာဉ်ကို ချန်ဂီလေဆိပ်သို့ စောင့်ကြပ်မောင်းနှင်ခဲ့ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးက Facebook တွင် ရေးသားခဲ့သည်။ “လေယာဉ်ပေါ်တွင် ဗုံးခြိမ်းခြောက်မှုကြောင့် ဟက်ယိုင်သို့ ပျံသန်းမည့် Scoot ၏ လေကြောင်းခရီးစဉ် TR 634 သည် ချန်ဂီ လေဆိပ်သို့ လှည့်ပြန်ခဲ့ကြောင်း” Scoot ၏ ကြေညာချက်က ဆိုသည်။

 

Most Read

Most Recent