လူသေဆုံးမှုရှိခဲ့သော အင်ဒိုနီးရှားရေနံယိုဖိတ်မှုသည် ရေအောက်ပိုက်လိုင်းယိုစိမ့်မှုကြောင့်ဟု ရေနံကုမ္ပဏီက ထုတ်ပြန်

လူသေဆုံးမှုရှိခဲ့သော အင်ဒိုနီးရှားရေနံယိုဖိတ်မှုသည် ရေအောက်ပိုက်လိုင်းယိုစိမ့်မှုကြောင့်ဟု ရေနံကုမ္ပဏီက ထုတ်ပြန်
Published 6 April 2018

မတ် ၃၁ ရက်က ဘာလက်ပါပန်မြို့ရှိ ရေပြင်တွင် ရေနံယိုဖိတ်မှုအား အင်ဒိုနီးရှားအလုပ်သမားများက ရှင်းလင်းနေစဉ် (Photo: AFP)

လူငါးဦးသေဆုံးခဲ့ရပြီး ပြည်နယ်၌ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရသည့် ဘော်နီယိုကျွန်းစုအလွန်၌ ရေနံယိုဖိတ်မှုသည် ကွဲထွက်နေသော ရေအောက်ပိုက်လိုင်းတစ်ခုကြောင့်ဖြစ်သည်ဟု အင်ဒိုနီရှားအစိုးရပိုင် ရေနံကုမ္ပဏီ Pertamina က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘာလက်ပါပန်မြို့အနီး ရေပြင်တွင် မတ် ၃၁ ရက်အစောပိုင်း၌ ရေနံစတင်ယိုစိမ့်ခဲ့ပြီး ၂၆ ကီလိုမီတာ (၁၆ မိုင်) ထက်မနည်းသို့ ပျံ့နှံ့ခဲ့ကာ ကမ်းရိုးတန်း၏ ဧရိယာအများအပြားကို ထူထဲသော အနက်ရောင်အနည် များဖြင့် ဖုံးအုပ်သွားခဲ့သည်။ ရေနံယိုဖိတ်မှုအား ရှင်းလင်းရန် ကြိုးစားနေသော အလုပ်သမားများက ရေမျက်နှာပြင်ကို မီးရှို့ရာမှ မီးလောင်မှုကြောင့် ငါးဖမ်းသမားငါးဦး သေဆုံးခဲ့ရကြောင်း အရှေ့ဘော်နီယိုဒေသဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် အော်တာဗီယန်တိုက ပြောကြားခဲ့သည်။ သေဆုံးသူများသည် အားလပ်ရက် အပန်းဖြေထွက်လာပြီး ငါးဖမ်းနေကြသည့် အမျိုးသားများအဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း ၎င်းငက ပြောကြားခဲ့သည်။

ကနဦးတွင် တာဝန်မရှိကြောင်း ငြင်းဆန်ခဲ့သည့် Pertamina က ရေနံစိမ်းများကို ပို့လွှတ်သော ပင်လယ်ရေမျက်နှာပြင်အောက် ၂၅ မီတာခန့်၌ တည်ရှိသည့် ၎င်းတို့၏ ပိုက်လိုင်းတစ်လိုင်းသည် ထို ဧရာမယိုစိမ့်မှု၏ ရင်းမြစ်ဖြစ်ကြောင်း ဧပြီ ၄ ရက်တွင် ဝန်ခံခဲ့သည်။ ထိုယိုစိမ့်မှုအား သိရှိခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် လာဝီ-လာဝီမှ ဘာလက်ပါပန်သို့ ရေနံစိမ်းပို့လွှတ်မှုကို ပိတ်ခဲ့ကြောင်း Pertamina ၏ပြောခွင့်ရပုဂ္ဂိုလ် တိုဂါအမ်ပီက ပြောကြားခဲ့သည်။

ရေနံပိုက်လိုင်းပေါက်နေမှုအား ရဲတပ်ဖွဲ့နှင့် Pertamina တို့က စုံစမ်းစစ်ဆေးနေပြီး ရေငုပ်သမားများ၏ ကနဦးစစ်ဆေးမှုများအရ ထိုပိုက်လိုင်းသည် မူလနေရာမှ မီတာ ၁၂၀ ခန့် ရွေ့သွားခဲ့ကြောင်းကို တွေ့ရှိခဲ့ရ သည်ဟု ဆိုသည်။ ထိုဧရိယာတွင် ဆေးလိပ်မီးမညှိရန် ဒေသခံများအား ညွှန်ကြားထားပြီး ညှော်သော အခိုးအငွေ့များနှင့် မီးခိုးများကြောင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများအား ဝေပေးထားချိန်တွင် ဘာလက်ပါပန်၌ အရေးပေါ်အခြေအနေကြေညာခဲ့ရသည်။

ထိုယိုဖိတ်မှုကြောင့် ရေနေသတ္တဝါများအား သက်ရောက်နိုင်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မျိုးသုဉ်းရန်အန္တရာယ် ရှိ စာရင်းဝင်ဖြစ်သော ဧရာဝတီလင်းပိုင် တစ်ကောင်သည် ကမ်းစပ်၌ သောင်တင်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ရေနံယိုဖိတ်မှုအား ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၃ ရက်ညနေအထိ ဧရိယာကုဗမီတာ ၆၉၃၀၀ ခန့်တွင် ရေပေါ်တားများကို ထားရှိခဲ့ပြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။  ဆိုးရွားသောအနံ့ဆိုးများနှင့် အခြားအလားအလာရှိသော အန္တရာယ်များကြောင့် လူနေဧရိယာများတွင် ရေနံယိုဖိတ်မှုများကို ဦးစားပေးရှင်းလင်းရန် တာဝန်ရှိသူများနှင့် ရေနံကုမ္ပဏီ Pertamina ကို ညွှန်ကြားထားကြောင်း သဘာဝပတ်ဝန်း ကျင်ရေးရာဝန်ကြီး နာဘာယာဘာကာက ပြောကြားခဲ့သည်။

Most Read

Most Recent