ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၃၂ ဦး သေဆုံး

ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၃၂ ဦး သေဆုံး
Published 17 August 2017

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က မြို့တော်မနီလာ၌ မူးယစ်ဆေးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုအပြီးတွင် တွေ့ရသော ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များ

အငြင်းပွားဖွယ် ဖိလစ်ပိုင်မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲသည် နောက်ကြောင်းပြန်လှည့်မှုများ ရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဝန်ခံခဲ့ပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများအား ကြောက်လန့်စေရန် ရည်ရွယ်သော ထိတ်လန့်စရာကောင်းသည့် စီးနင်းမှုများအတွင်း ရဲတပ်ဖွဲ့က လူ ၃၂  ဦးအား သတ်ဖြတ်ခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲ၏ လူသေဆုံးမှုအများဆုံး စစ်ဆင်ရေးတစ်ခုအဖြစ် မြို့တော်မနီလာနှင့် ကပ်လျက်ရှိ ဘူလကန်ပြည်နယ်တစ်ဝန်းရှိ မူးယစ်ဆေးဝါး မှောင်ခိုကူးသူများဟု သံသယရှိသူများအား သြဂုတ်  ၁၄ ရက်တွင် စီးနင်းမှုများစွာ ပြုလုပ်ခဲ့မှုအတွင်း ရဲတပ်ဖွဲ့က လူ ၃၂ ဦးကို သတ်ပစ်ခဲ့ကြောင်း သိရသည်။ ယင်းမူးယစ်ဆေးဝါး လုပ်ကိုင်နေသူများအား ထိတ်လန့်သွားစေလိုကြောင်း၊ ယင်းစီးနင်းမှုများအတွင်း နောက်ထပ် သံသယရှိသူ ၁၀၉ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဘူလကန်ရဲမှူး ရိုမီယိုကာရာမတ်က ပြောကြားခဲ့သည်။

အခြားမူးယစ်ဆေးဝါး လုပ်ကိုင်သူများသည်လည်း မူးယစ်ဆေးကုန်သွယ်မှု ဆက်လက်မပြုလုပ်မီနှစ်ကြိမ် စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာရာမတ်က ရဲများသည် ကိုယ့်ကိုယ်ကိုယ် ခုခံသည့်အနေဖြင့်သာ သံသယရှိသူများအား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စီးနင်းမှုများအတွင်း ပစ္စတိုများနှင့် လက်ပစ်ဗုံးများအား သိမ်းဆည်းမိခဲ့ကြောင်း ကာရာမတ်က ပြောကြားခဲ့သည်။ ယင်းစီးနင်းမှုအတွင်း ရဲတစ်ဦးမျှ သေဆုံး၊ ဒဏ်ရာမရခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းစီးနင်းမှုပြုလုပ်သူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လူ ၃၂ ဦးကို ပစ်သတ်ခဲ့ချိန်တွင် ရဲတစ်ဦးမျှ ဒဏ်ရာမရခဲ့ဟုဆိုခြင်းမှာ ဖြစ်နိုင်ခြေရှိသလားဟု မေးမြန်းမှုကို ကာရာမတ်က “ဒီကိစ္စကို ရှင်းပြဖို့ ကျွန်တော်ကို မေးခွန်းမထုတ်ပါနဲ့” ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အား မူးယစ်ဆေးဝါး နိုင်ငံတစ်နိုင်ငံအဖြစ် ဆင်းသက်သွားမည့်အရေးမှ ကာကွယ်နိုင်ရန် သောင်းနှင့်ချီသော မူးယစ်ဆေးဝါး မှောင်ခိုကူးသူများနှင့် ဆေးစွဲနေသူများအား သုတ်သင်မည်ဟု ကတိပြုမှုဖြင့် ဒူတာတေးသည်ပြီးခဲ့သောနှစ် သမ္မတရွေးကောက်ပွဲတွင် အလွယ်တကူအနိုင်ရခဲ့သည်။ ၎င်း၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲသည် သုံးလမှ ခြောက်လအတွင်း အနိုင်ရနိုင်မည်ဟု ဒူတာတေးက မဲဆွယ်မှုအတွင်း ကတိပြုခဲ့သည်။ မူးယစ်ဆေးဝါးမှောင်ခိုကူးသူများနှင့် မူးယစ်ဆေးစွဲနေသူများအား သတ်ဖြတ်ရုံဖြင့် မူးယစ်ဆေးဝါးပြဿနာကို အလျင်အမြန် ဖြေရှင်းနိုင်ခြေမရှိကြောင်း ဝေဖန်ထောက်ပြသူများကိုလည်း ဒူတာတေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

ယင်းမူးယစ်ဆေးဝါး ပြဿနာအား လူတစ်ဦးတည်းက၊ သမ္မတတစ်ဦးက သက်တမ်းတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ယင်းပြဿနာက နိုင်ငံများကို နွံနစ်စေကြောင်း ဒူတာတေးက သြဂုတ် ၁၁ ရက် တွင် နိုင်ငံတောင်ပိုင်းရှိ ဒါဗာအိုမြို့၌ ပြောကြားခဲ့သည်။ သို့သော် ၎င်း၏ နည်းဗျူဟာများကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ ယင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲအတွင်း လူသတ်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် ရဲများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ဒူတာတေးက ထပ်မံကတိပြုခဲ့သည်။

Most Read

Most Recent