ကမ္ဘာလှည့် ခရီးသွားများအကြား ထင်ရှားသော ဘိုရာကေးကျွန်းကို ဖိလစ်ပိုင်က ခြောက်လပိတ်ပင်မည်

ကမ္ဘာလှည့် ခရီးသွားများအကြား ထင်ရှားသော ဘိုရာကေးကျွန်းကို ဖိလစ်ပိုင်က ခြောက်လပိတ်ပင်မည်
Published 6 April 2018

ဇန်နဝါရီ ၁၅ ရက်က ဖိလစ်ပိုင်အလယ်ပိုင်းရှိ ဘိုရာကေးကျွန်း၏ သစ်တောဧရိယာအနီး ခရီးသွားများကို တွေ့ရစဉ် (Photo: AFP)

တစ်ချိန်က တောက်ပသော သဲဖြူများကြောင့် ထင်ရှားခဲ့သည့် ဘိုရာကေးကျွန်းသည် မိလ္လာ အညစ်ကြေးများကြောင့် ညစ်ညမ်းနေမှုကို စိုးရိမ်သည့်အတွက် ကျွန်းအား  ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုကို ခြောက်လ ပိတ်ပင်ထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်မှစပြီး ဘိုရာကေးကျွန်းကို  ခြောက်လ ပိတ်ပင်ထားရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ညွှန်ကြားထားကြောင်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရီရော့က ပြောကြားခဲ့သည်။

“ဘိုရာကေးက ကျွန်တော်တို့ နိုင်ငံမှာ ကောင်းကင်ဘုံလို့ ထင်ရှားပါတယ်။ ဒီကျွန်းကို ယာယီပိတ်ပင်မှုက နောင်မျိုးဆက်တွေ ဒီကောင်းကင်ဘုံကို တွေ့ကြုံခံစားနိုင်ဖို့ပါပဲ” ဟု ရော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဘိုရာကေးသို့ နှစ်စဉ်ခရီးသွား နှစ်သန်းနီးပါး လာရောက်ပြီး ဖိလစ်ပိုင်စီးပွားရေးအတွက် ဒေါ်လာ တစ်ဘီလျံခန့် ဝင်ငွေရရှိနေသည်။

ကျွန်း၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကြောင့် ကျွန်းကို ပိတ်ပင်မှုသည် အလုပ်အကိုင် ထောင်ပေါင်းများစွာကို ထိခိုက်စေနိုင်သည်။ ဖိလစ်ပိုင်အစိုးရသည် ဘိုရာကေးကျွန်းတွင် ဒေါ်လာ သန်း ၅၀၀ ရင်း နှီးမြှုပ်နှံမည့် ကာစီနိုနှင့် အပန်းဖြေစခန်းကို  မကြာသေးခင်က ခွင့်ပြုထားခဲ့ပြီး အစိုးရ၏ စီးပွားရေးလိုလားသော မူဝါဒနှင့် ယခုပိတ်ပင်မှုက ရှေ့နောက်မညီဖြစ်နေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကျွန်း၏ ရေဆိုးထုတ်စနစ်ကို အသုံးပြုနေသော စီးပွားရေးလုပ်ငန်းများသည် မိလ္လာ အညစ်အကြေးများကို ကျွန်းအနီး ပတ်ဝန်းကျင်ရေပြင်သို့ တိုက်ရိုက်စွန့်ပစ်နေကြောင်း အာဏာပိုင်များက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဘိုရာကေးကျွန်းတွင်ရှိသော ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သည့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် အခြားစီးပွားရေးလုပ်ငန်း ၅၀၀ ခန့်သည် ပင်လယ်တွင်းသို့ အညစ်အကြေးများ တိုက်ရိုက်သွန်ချနေပြီး ကျွန်းအား မိလ္လာကန်အဖြစ် ပြောင်းလဲပစ်နေကြောင်း သမ္မတ ဒူတာတေးက ဖေဖော်ဝါရီလတွင် ဝေဖန်ခဲ့ပြီး ကျွန်းကို ပိတ်ပင်ရန် ခြိမ်းခြောက်မှု စတင်ပေါ်ထွက်ခဲ့သည်။

ကျွန်းတွင် နေထိုင်သူ ၄၀၀၀ ကျော်နှင့်အတူ စီးပွားရေးလုပ်ငန်း ၁၉၅ ခုသည် မိလ္လာ ပိုက်လိုင်းစနစ်ကို ချိတ်ဆက်အသုံးမပြုကြ ကြာင်း သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။ ဧက ၂၄၇၀ ကျယ်သော ယင်းကျွန်းတွင် မိလ္လာ နှင့် ရေဆိုးထုတ် စနစ်သစ်များ တည်ဆောက်ရန် ကျွန်းကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ထိုကာလအတွင်း  ရေဝေရေလဲ ဧရိယာများ၌ တည်ဆောက်ထားသော အဆောက်အအုံများကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ဥပဒေများကို ချိုးဖောက်သော စီးပွားရေးလုပ်ငန်းများနှင့် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ကျွန်းကို ပိတ်ပင်မှုနှင့်ပတ်သက်ပြီး အင်အားအသုံးပြုသွားမည်ဖြစ်ကြောင်း ရဲနှင့် စစ်သားများကိုပင် ဖြန့်ချထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

 

Most Read

Most Recent