ဘီလ်ဂိတ်က ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၎င်း၏ အကြီးဆုံးလှူဒါန်းမှုကြီးအဖြစ် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ လှူဒါန်း

ဘီလ်ဂိတ်က ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၎င်း၏ အကြီးဆုံးလှူဒါန်းမှုကြီးအဖြစ် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ လှူဒါန်း
Published 17 August 2017

၂၀၀၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်က နယူးယောက်ရှိ တိုင်းမ်စကွဲတွင် Windows XP စတင်ဖြန့်ချိသည့် အခမ်းအနား၌တွေ့ရသော ဘီလ်ဂိတ်

ဘီလ်ဂိတ်သည် ၂၀၀၀ ပြည့်နှစ်နောက် ပိုင်းမှစပြီး ၎င်း၏ အကြီးမားဆုံးလှူဒါန်းမှုကြီးအဖြစ် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကို ပရဟိတလုပ်ငန်းသို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ ကုမ္ပဏီမှ ရှယ်ယာ ၆၄ သန်းကို လှူဒါန်းခဲ့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေဆဲ ဖြစ်သည်။ ထိုရှယ်ယာများသည် ဘီလ်ဂိတ်၏ စုစုပေါင်း ခန့်မှန်းပိုင်ဆိုင်မှု ဒေါ်လာ ၈၉ ဒသ မ ၉ ဘီလျံ၏ ငါးရာခိုင်နှုန်းနှင့် ညီမျှသည်။

၁၉၉၄ ခုနှစ်မှစပြီး အသက် ၆၁ နှစ်အရွယ် ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူမီလင်ဒါဂိတ်တို့သည် အမျိုးမျိုးသော ပရဟိတအကြောင်းရင်းတို့ဖြင့် ဒေါ်လာ ၃၅ ဘီလျံတန်ဖိုးရှိသော ငွေသားနှင့် ပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဒေါ်လာ ၄ ဒသမ ၆ ဘီလျံရှိသော ထိုလှူဒါန်းမှုကြီးကို ဇွန်လက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမေရိကန်စတော့ လုပ်ငန်းနှင့် ငွေကြေးလဲလှယ်မှုကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များကြောင့် ယင်းလှူဒါန်းမှုကြီးအကြောင်းသည် သြဂုတ် ၁၄ ရက်ကမှ အများပြည်သူများ သိရှိရခြင်း ဖြစ်သည်။

မိုက်ခရိုဆော့လုပ်ငန်းထဲမှ ဘီလ်ဂိတ်၏ ရှယ်ယာများသည် လက်ရှိတွင် ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိတော့ကြောင်း သိရသည်။ ဘီလ်ဂိတ်သည် ၁၉၉၉ ခုနှစ်ကတစ်ကြိမ် ဒေါ်လာ ၁၆ ဘီလျံ၊ ၂၀၀၀ ပြည့်နှစ်ကတစ် ကြိမ်ဒေါ်လာ ၅ ဒသမ ၁ ဘီလျံကို လှူဒါန်းခဲ့သည်။

ဘီလ်ဂိတ်၏ ယခင်လှူဒါန်းမှုကြီးများ အားလုံးသည် ဘီလ်နှင့် မီလင်ဒါဂိတ် ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထိုဖောင်ဒေးရှင်၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရန်၊ ကူးစက်ရောဂါများကို တိုက်ဖျက်ရန်၊ တစ်ကမ္ဘာလုံး ကွန်ပျူတာများနှင့် ထိတွေ့မှု ရှိနိုင်စေရန် အဓိကရည်ရွယ်သည်။ သို့သော် နောက်ဆုံးလှူဒါန်းခဲ့သည့် ဒေါ်လာ ၄ ဒသမ ၆ဘီလျံကို မည်သည့်နေရာသို့ လှူဒါန်းခဲ့ကြောင်းကို မသိရသေးပေ။

ထိုလှူဒါန်းမှုကြီးသည် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လုပ်ဆောင်ခဲ့သော မည်သည့် လှူဒါန်းမှုထက်မဆို ကြီးမားကြောင်း သိရသည်။ ယခုနှစ်၏ ဒုတိယအကြီးမားဆုံး လှူဒါန်းမှုကြီးကို ဝါရင်ဘတ်ဖက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဝါရင်ဘတ်ဖက်သည် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံနီးပါးကို ပြီးခဲ့သည့်လက ဘီလ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။

တတိယအကြီးဆုံး လှူဒါန်းမှုကြီးကို Dell ကွန်ပျူတာကော်ပိုရေးရှင်းအား တည်ထောင်သူ မိုက်ကယ်ဒီးနှင့် ဇနီးဆူဆန်တို့က လှူဒါန်ခဲ့ခြင်းဖြစ်သည်။ ဒီးနှင့်ဆူဆန်တို့သည် ကလေးများအရေးနှင့် လူ့အဖွဲ့အစည်း လုပ်ငန်းများအတွက် အဓိကထားလုပ်ဆောင် ပေးသော ၎င်းတို့၏ ဖောင်ဒေးရှင်းသို့ မေလက ဒေါ်လာ တစ်ဘီလျံကျော် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent