အသုံးမပြုတော့သော တရုတ်အာကာသစခန်း ကမ္ဘာ့လေထုထဲသို့ ပြန်ကျလာစဉ် မီးလောင်ပျက်စီးခဲ့

အသုံးမပြုတော့သော တရုတ်အာကာသစခန်း ကမ္ဘာ့လေထုထဲသို့ ပြန်ကျလာစဉ် မီးလောင်ပျက်စီးခဲ့
Published 3 April 2018

အသုံးမပြုတော့သည့် တရုတ်အာကာ သစမ်းသပ်ရေးစခန်းတစ်ခုသည် ဧပြီ ၂ ရက်က ကမ္ဘာ့လေထုထဲသို့ ပြန်လည်ကျဆင်းလာစဉ် ပြင်းထန်သည့် အပူချိန်ကြောင့်လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီး အပိုင်းအစများသည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းရေပြင်သို့ ကျသွားခဲ့သည်ဟု တရုတ်အစိုးရအရာရှိများက ပြောကြားခဲ့သည်။

Tiangong – 1 ဟု အမည်ပေးထားသော ထိုအာကာသစမ်းသပ်ရေးစခန်းသည် ပေကျင်း စံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်က ကမ်းဝေးသော သမုဒ္ဒရာရေပြင်ပေါ်တွင် အလုံးစုံနီးပါးလောင်ကျွမ်းသွားခဲ့သည်ဟု လူလိုက်ပါနိုင်သော တရုတ်အာကာသ အင်ဂျင်နီယာရုံးက ထုတ်ပြန်ခဲ့သည်။ ထိုအစိတ် အပိုင်းများကျသွားသည့် နေရာအတိအကျကိုမူ မသိနိုင်သေးပေ။

“အစိတ်အပိုင်းအများစုဟာ မီးလောင်ပြီး ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။ ကျွန်တော်သိရသလောက်တော့ ကမ္ဘာမြေပြင်ပေါ်က ဘယ်အရာကိုမှ မထိခိုက်ခဲ့ပါဘူး” ဟု နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang ကသတင်းထောက်များကို ပြောကြားခဲ့ပြီး အခြေအနေများကို ကုလသမဂ္ဂအာကာသ အေဂျင်စီသို့လည်း အကြောင်းကြားထားသည်ဟု ဆိုသည်။

အစောပိုင်းက အာကာသယာဉ်၏ ၁၀ ရာခိုင်နှုန်း အထူးသဖြင့် အင်ဂျင်ကဲ့သို့လေး လံသည့်အစိတ်အပိုင်းများသည် လေထုထဲသို့ ပြန်အဝင်တွင် ပျက်စီးလောက်မည် မဟုတ်ဟု ခန့်မှန်းထားခဲ့ကြခြင်း ဖြစ်သည်။

‘နတ်ဘုံနတ်နန်း’ ဟု အဓိပ္ပာယ်ရသော Tiangong - 1 သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလက အာကာသပတ်လမ်းထဲသို့ စတင်ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်တည်ဆောက်မည့် တရုတ်ကိုယ်ပိုင်အာကာသစခန်းအတွက် စမ်းသပ်ကွင်းတစ်ခုအနေဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ Tiangong - 1 ပေါ်တွင် တရုတ်အာကာသယာဉ်မှူးနှစ်ဦး နေခဲ့ဖူးပြီး နောက်ဆုံးလူနေထိုင်သည်မှာ ၂၀၁၃ ခုနှစ် ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင်မူ အဆက်အသွယ်များကို ဖြတ်ခဲ့သည်။ ထိုအချိန်မှစပြီး Tiangong - 1 သည် စောင့်ကြည့်မှုအောက်တွင် ကမ္ဘာနှင့် တဖြည်းဖြည်း ပိုမိုနီးကပ်စွာလည် ပတ်လာခဲ့ခြင်း ဖြစ်သည်။ Tiangong – 2 ကို မူ ၂၀၁၆ ခုနှစ် စက်တင်ဘာက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

၈ ဒသမ ၅ တန်လေးကာ ၁၀ ဒသမ ၄ မီတာ ( ၃၄ ပေ) ရှည်ပြီး ဘတ်စ်ကားတစ်စီး စာရှိသော Tiangong - 1 သည် လေထုထဲသို့ ပြန်အဝင်၌ မီးလောင်ပျက်စီးသွားမှုသည် ကြယ်မိုးရွာသကဲ့သို့ လှပသည့် မြင်ကွင်းတစ် ခုဖြစ်ပေါ်စေလိမ့်မည်ဟု အာကာသဆိုင်ရာ အရာရှိများက ပြောခဲ့ကြသည်။ သို့သော် ယင်းဖြစ်စဉ်သည် လူသူနှင့်ဝေးသောနေရာ ဖြစ်သဖြင့် နက္ခတ်ကြည့်သူများအတွက် ထိုအခွင့်အရေးကို ဆုံးရှုံးခဲ့ရဖွယ်ရှိသည်။

အာကာသယာဉ်ပြန်လည်ဝင်ရောက်လာသည့် နေရာအတိအကျအားသိရှိနိုင်ရန်နှင့် ထိန်းချုပ်ရန်မှာ ခက်ခဲကြောင်း သိရသည်။ ဂြိုဟ်တု၊ အာကာသယာဉ်၊ နိုင်ငံတကာ အာကာသစခန်းတို့မှ အပျက်အစီးများသည် ကမ္ဘာ့လေထုထဲသို့ လအနည်းငယ်ကြာတိုင်း ပြန်လည်ဝင်ရောက်လာလေ့ရှိသည်။ သို့သော် ထိုအပျက်အစီးများနှင့် ထိမိသူမှာ ယခုအချိန်အထိ တစ်ဦးသာရှိသေးကြောင်း သိရသည်။ ထိုတစ်ဦးမှာလည်း ၁၉၉၇ ခုနှစ်ကဖြစ်ပြီး အိုကလာဟိုးမား ပန်းခြံအတွင်း အားကစားလုပ်နေသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ ထိမိသော်လည်း ဒဏ်ရာမရခဲ့ဟု သိရသည်။

Ref;AFP/AP

Most Read

Most Recent