ဆန္ဒပြမှုများအတွင်း ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းနောက်ထပ်တစ်ဦး သေဆုံးပြီး သေဆုံးသူ ၁၇ ဦးအထိ မြင့်တက်လာ

ဆန္ဒပြမှုများအတွင်း ဒဏ်ရာရခဲ့သည့် ပါလက်စတိုင်းနောက်ထပ်တစ်ဦး သေဆုံးပြီး သေဆုံးသူ ၁၇ ဦးအထိ မြင့်တက်လာ
Published 3 April 2018

ဧပြီ ၁ ရက်က အစ္စရေးနှင့် နယ်စပ်အနီးတွင် အစ္စရေးလုံခြုံရေးများနှင့် ပဋိပက္ခဖြစ်နေသည့် ပါလက်စတိုင်းဆန္ဒပြသူများ၏ စခန်းအား တွေ့ရစဉ် (Photo - AFP)

ဧရာမ ဆန္ဒပြမှုများအတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခြင်းခံခဲ့ရပြီးနောက် သုံးရက်အကြာတွင် ပါလက်စတိုင်းအမျိုးသားတစ်ဦးသည် ထိုဒဏ်ရာများဖြင့် ဧပြီ ၂ ရက်တွင် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ သေဆုံးသူအရေအတွက်သည် ၁၇ ဦးအထိ မြင့်တက်လာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အကြီးမားဆုံး ဆန္ဒပြမှုများအနက် တစ်ခုဖြစ်သည့်  လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သော ယင်းဆန္ဒပြမှုပဋိပက္ခ၌ မတ် ၃၀ ရက်က ဂါဇာတောင်ပိုင်းရှိ ခန်ယူနစ်မြို့အရှေ့ပိုင်းတွင်  အသက်၂၉ နှစ်ရှိ ဖာရစ်အယ်ရာကက်ဘ်သည် ဗိုက်ကို သေနတ်ထိမှန်ခဲ့သည်။ ရာကက်ဘ်သည် ၎င်းတို့၏ အဖွဲ့ဝင်ဖြစ်ကြောင်း Islamic Jihad  စစ်သွေးကြွအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ရာကက်ဘ်သည် ပစ်ခတ်ခံခဲ့ရသည့်အချိန်၌ လက်နက်ကိုင်ဆောင်ထားခြင်း မရှိပေ။

လူရာပေါင်းများစွာသည်လည်း ဒဏ်ရာများရရှိခဲ့ပြီး အများအပြားသည် ကျည်အစစ်ဖြင့် ပစ်ခတ်မှုများကြောင့် ရရှိခဲ့ခြင်းဖြစ်ရာ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

အဓိကဆန္ဒပြစခန်းတစ်ခုမှ သွေဖည်ထွက်လာသည့် ပါလက်စတိုင်းဆန္ဒပြသူများအား မတ် ၃၀ ရက်တွင် ပစ်ခတ်ခဲ့သည့် အစ္စရေးစစ်သားများ၏ လုပ်ရပ်များကို အစ္စရေးက ကာကွယ်ပြောကြားခဲ့သည်။ ထိုဆန္ဒပြသူများသည် ပိတ်ဆို့ထားသော ဂါဇာကမ်းမြောင်အား ဖြတ်တောက်ထားသည့် လုံခြုံရေးအခိုင်အမာချထားသော စည်းရိုးများထံ ချဉ်းကပ်လာကြခြင်း ဖြစ်သည်။ စစ်သားများထံ ခဲများ၊ မီးခိုးဗုံးများဖြင့် ပစ်ခတ်ခြင်း သို့မဟုတ် တာယာများဖြင့် လှိမ့်ဝင်လာခြင်း စသည့်အခြေအနေများ၌ လိုအပ်၍သာ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သည်။

စည်းရိုးများအား ပျက်စီးစေရန်နှင့် အစ္စရေးထဲသို့ ထိုးဖောက်ဝင်နိုင်ရန် ကြိုးပမ်းမှုများလည်း ရှိခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်သားများအား သေနတ်များဖြင့်ပစ်ခတ်ရန် ကြိုးပမ်းမှုလည်းရှိခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။ ဂါဇာအား အုပ်ချုပ်နေပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အစ္စရေးနှင့်စစ်ပွဲ သုံးကြိမ်ဆင်နွှဲခဲ့ဖူးသည့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်သည် အကြမ်းဖက်မှုအား ပြုလုပ်ရန်အတွက် ဆန္ဒပြမှုများကို အကာအကွယ်အဖြစ် အသုံးချခဲ့ကြကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

ပါလက်စတိုင်းတို့ကလည်း ဆန္ဒပြသူများသည် စစ်သားများကို မည်သည့် ခြိမ်းခြောက်မှုမျှ ပြုလုပ်ခြင်းမရှိချိန်တွင် ပစ်ခတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ကျည်အစစ်အသုံးပြုခဲ့သည့် အစ္စရေးကို လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ခဲ့ကြသည်။ မတ် ၃၀ ရက်က ဖြစ်ပွားခဲ့သော ထိုပဋိပက္ခအတွင်း အခြား လူ ၁၄၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပြီး ၇၅၇ ဦးသည် ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သေဆုံးသူ ၁၀ ဦးသည် ဟားမတ်စ်၊ အခြားအဖွဲ့များနှင့် ဆက်နွှယ်မှုရှိကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

Ref; AFP

Most Read

Most Recent