ပြင်သစ်က ရထားအလုပ်သမားများ၏ ဧရာမသပိတ်များအတွက် ကြိုတင်ပြင်ဆင်

ပြင်သစ်က ရထားအလုပ်သမားများ၏ ဧရာမသပိတ်များအတွက် ကြိုတင်ပြင်ဆင်
Published 3 April 2018

ဖေဖော်ဝါရီ ၁၅ ရက်က ပါရီရှိ Gare de 1’Est ဘူတာရုံ၌ SNCF ၏ TGV အမြန်ရထား (ဝဲ) ကို တွေ့ရစဉ် (Photo - AFP)

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များက အတိုက်အခံပြုမှုများနှင့် ရင်ဆိုင်နေရစဉ် ပြင်သစ်သည် သုံးလကြာမြင့်မည့် ရထားအလုပ်သမားသပိတ်များအတွက် ဧပြီ ၂ ရက်တွင် စတင်ပြင်ဆင်နေရပြီး စွမ်းအင်မှသည် အမှိုက်သိမ်းမှုအထိ အရာအားလုံးကို သက်ရောက်သည့် အလုပ်သမားသပိတ် တသီတတန်းများအနက် ပထမဆုံးတစ်ခုဖြစ်လာမည် ဖြစ်သည်။

အစိုးရပိုင်ရထားလုပ်ငန်း SNCF မှ ဝန်ထမ်းများသည် ဒေသစံတော်ချိန် ည ၇ နာရီမှစတင်၍ အလုပ်မှရပ်နားမည်ဖြစ်ပြီး ငါးရက်လျှင် နှစ်ရက်နှုန်းဖြင့် အလုပ်မလုပ်ဘဲ ဆန္ဒပြကြမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ယင်းဆန္ဒပြမှုများသည် ပြင်သစ်၏ ရထားစီးခရီးသည် ၄ ဒသမ ၅ သန်းကို အဓိကနှောင့်နှေးမှုဖြစ်စေမည်ဖြစ်ကြောင်း သမဂ္ဂများက သတိပေးခဲ့သည်။

အနက်ရောင် အင်္ဂါဟု အမည်ပြောင် ပေးထားသော ထိုသပိတ်စတင်ချိန်တွင် အမြန်ရထား TGV ရှစ်စင်းအနက် တစ်စင်းကသာ ပြေးဆွဲမည်ဖြစ်ကြောင်း၊ အကြွေးနွံနစ်နေသော SNCF အား အဓိကပြုပြင်ပြောင်းလဲရန် အစီအစဉ်ကို ဆန့်ကျင်မှုအဖြစ် ဒေသအချင်းချင်းပြေးဆွဲသည့် ရထားငါးစင်းအနက် တစ်စင်းကိုသာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ လန်ဒန်နှင့် ဘရပ်ဆဲတို့သို့ ပြေးဆွဲသော Eurostar ရထားလေးစင်းအနက် သုံးစင်းကသာ ပြေးဆွဲမည် ဖြစ်သည်။

ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့သို့ ပြေးဆွဲသော Thalys ရထားကိုမူ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး စပိန်၊ အီတလီနှင့် ဆွစ်ဇာလန်တို့သို့ ဦးတည်သောရထားများကိုမူ ပြေးဆွဲမည်မဟုတ်ပေ။

ပြီးခဲ့သောနှစ်မေတွင် သမ္မတရွေးကောက်ပွဲ၌ ဗဟိုဝါဒီ အီမန်နျူရယ်မက်ခရွန်က အနိုင်ရခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးစက်မှု လုပ်ငန်းဆန္ဒပြမှုများအဖြစ် ဧပြီ ၃ ရက်၌ ပြုလုပ်မည့် သပိတ်များတွင် အမှိုက်သိမ်းသူများ၊ စွမ်းအင်ကဏ္ဍမှ ဝန်ထမ်းအချို့နှင့် ပြင်သစ်လေကြောင်းလိုင်းမှ ဝန်ထမ်းများလည်း ပါဝင်မည်ဖြစ်သည်။ ဇွန် ၂၈ ရက် အထိ ပြုလုပ်ရန် စီစဉ်ထားသော ထိုရထား သပိတ်များသည် အသက် ၄၀ ရှိ မက်ခရွန်၏ ပြင်သစ်အား အလုံးစုံပြုပြင်ပြောင်းလဲရေး အစီအစဉ်များအတွက် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ရှုမြင်ခံခဲ့ရပြီး ၁၉၈၄ ခုနှစ်    တွင် ဗြိတိန်အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာက ဗြိတိန်ကျောက်မီးသွေးသမဂ္ဂများနှင့် ရင်ဆိုင်ခဲ့ရမှုများနှင့် နှိုင်းယှဉ်ခံခဲ့ရ သည်။

ဘဏ်လုပ်ငန်းရှင်ဟောင်း မက်ခရွန် သည် တရားသေဝါဒကိုင်စွဲလျက် အစိုးရ ရထားလုပ်ငန်းများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေကြောင်း၊ ၎င်း၏ အပြောင်းအလဲများသည် ရထားလုပ်ငန်း၏ အကြွေးပြဿနာ သို့မဟုတ် ချို့ယွင်းချက်များကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သမဂ္ဂများ၏ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံများက ၂၀၂၀ ပြည့်နှစ်မတိုင်မီ ခရီးသည်တင်ရထားလမ်းများအတွက် ယှဉ်ပြိုင်မှုကို ဖွင့်ပေးရန် ကြိုတင်ပြင်ဆင်နေချိန်တွင် SNCF သည် ပြုပြင် ပြောင်းလဲမှု နက်နက်ရှိုင်းရှိုင်းပြုလုပ်ရန် လိုအပ်နေကြောင်း၊ ပြင်သစ်တွင် ရထားတစ်စင်းပြေးဆွဲရန် ကုန်ကျစရိတ်သည် ကျန်နေရာများထက် ရာခိုင်နှုန်း ၃၀ ပိုမိုများပြားနေကြောင်း မက်ခရွန်အစိုးရက ထောက်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent