အိန္ဒိယ ကက်ရှ်မီးယားထဲတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေရာ လူကိုးဦးထက်မနည်း သေဆုံး

အိန္ဒိယ ကက်ရှ်မီးယားထဲတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေရာ လူကိုးဦးထက်မနည်း သေဆုံး
Published 2 April 2018

တိုက်ပွဲများဖြစ်ပွားသည့် ကက်ရှ်မီးယားတောင်ပိုင်းတွင် ရဲများကို ကျောက်ခဲဖြင့် ပစ်ပေါက်နေသည့် ဒေသခံဆန္ဒပြသူများအား ဧပြီ ၁ ရက်က တွေ့ရစဉ် (Photo - AFP)

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသထဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွဟု ယူဆရသူရှစ်ဦးကို သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရပ်သားတစ်ဦး သေဆုံးခဲ့ကာ စစ်သားလေးဦး ဒဏ်ရာရရှိခဲ့သည့် ယင်းဖြစ်စဉ်သည် တည်ငြိမ်အေးချမ်းမှုမရှိသော ဟိမဝန္တာဒေသ ကက်ရှ်မီးယားထဲတွင် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများအနက် အပြင်းထန်ဆုံးတစ်ခု ဖြစ်လာခဲ့သည်။

ကက်ရှ်မီးယားဒေသ၏ မြို့တော် ဆရင်ဂါတောင်ပိုင်းမှ ဒရာဂတ်တွင် ညပိုင်းအချိန်က အိန္ဒိယတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများကြား၌ ရှည်လျှားစွာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ခုနစ်ဦး သေဆုံးခဲ့သည်။ တိုက်ပွဲဇုန်၏အပေါ်တွင်  ရဟတ်ယာဉ်များ ဝဲပျံနေသည်ကိုလည်း တွေ့ခဲ့ရသည်။

ဧပြီ ၁ ရက်နံနက်ပိုင်းတွင်မူ အစိုးရတပ်ဖွဲ့များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် ဆန္ဒပြသူများကို  ရှင်းလင်းရန်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နှင့် ကျည်စေ့များဖြင့် ပစ်ခတ်ခဲ့ရာတွင် အရပ်သားတစ်ဦး သေဆုံးပြီး ၅၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။

အခြားသောနေရာတစ်ခု၌ ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုတစ်ခုအတွင်း၌လည်း နောက်ထပ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အာဏာပိုင်များက ၎င်းသည် အကြမ်းဖက်သမားဖြစ်သည်ဟု ဆိုသည်။

ကာချဒိုရာ ကျေးရွာအနီးဝန်းကျင်၌မူ ပစ်ခတ်မှုများရှိနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ “ဒါဟာ ကြီးမားတဲ့ စစ်ဆင်ရေးကြီးတစ်ခုဖြစ်ပြီး တိုက်ခိုက်မှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေတုန်းပါပဲ”ဟု အထွေထွေရဲအုပ် ဆွေယမ်ပရာကတ်ရှ်ပါနီက ပြောကြားခဲ့သည်။

ကက်ရှ်မီးယားသည် အိန္ဒိယနိုင်ငံမှ  မွတ်စလင်အများစုနေထိုင်သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ဒေသခံအရပ်သား အများအပြားမှာမူ သူပုန်များအား ထောက်ခံကြသူများ ဖြစ်သည်။ ထိုသူပုန်များသည် ကက်ရှ်မီးယား လွတ်လပ်ရေးရရှိရေး သို့မဟုတ် ပါကစ္စတန်နှင့် ပူးပေါင်းရေးတို့အတွက် တိုက်ပွဲဝင်နေကြသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်သည်။ အဆိုပါကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသော ထောင်နှင့်ချီသည့် လူများအနက် အများစုမှာ အရပ်သားများ ဖြစ်ကြသည်။

၂၀၁၇ ခုနှစ်သည် ကက်ရှ်မီးယားဒေသအတွက် ဆယ်စုနှစ်တစ်ခုအတွင်း လူသေဆုံးမှု အများဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ထိုနှစ်အတွင်းက အစိုးရ၏ Operation All Out စစ်ဆင်ရေးကြောင့် စစ်သွေးကြွဟု သံသယရှိသူ ၂၀၀ ကျော် သေဆုံးခဲ့ကြရသည်။

Ref ; AFP

Most Read

Most Recent