နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ပင်တဂွန်ရန်ပုံငွေ အသုံးပြုရန် ထရန့်က အကြံပြု

နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ပင်တဂွန်ရန်ပုံငွေ အသုံးပြုရန် ထရန့်က အကြံပြု
Published 29 March 2018

မတ် ၁၃ ရက်က ဆန်ဒီယေဂိုတွင် နယ်စပ်တံတိုင်းရှေ့ပြေးပုံစံအား ကြည့်ရှုပြီးနောက် ထရန့်က သတင်းထောက်များအား စကားပြောနေစဉ် (Photo: AFP)

ပြီးခဲ့သော သီတင်းပတ်တွင် ၎င်းက လက်မှတ်ထိုးခဲ့သည့် အသုံးစရိတ် သဘောတူညီချက်အား ဒေါသထွက်နေဆဲဖြစ်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကာလရှည်ကြာ ကတိပြုလာခဲ့သည့် မက္ကဆီကိုနှင့်နယ်စပ်၌ တံတိုင်းများ တည်ဆောက်ရန်အတွက် ပင်တဂွန် အသုံးစရိတ်ကို အသုံးပြုရန် စိတ်ကူးအား ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းကဲ့သို့ သုံးစွဲမှုသည် ကွန်ဂရက်၏ အတည်ပြုမှု ရရှိရန် လိုအပ်သည်။

အိမ်ဖြူတော်တွင် မတ် ၂၁ ရက်နှောင်းပိုင်း၌ အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါရိုင်ယန်နှင့် ဆွေးနွေးပွဲတစ်ခုတွင် အဆိုပါရန်ပုံငွေ အစီအစဉ်အား ထရန့်က စတင်ဆွေးနွေးခဲ့ကြောင်း ယင်းကိစ္စနှင့်နီးစပ်ပြီး ထုတ်ဖော်ပြောဆိုရန် အခွင့်အာဏာမရှိသည့် အမည်မဖော်သော သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ကြီးမားသောနယ်စပ်တံတိုင်း တည်ဆောက်မှုသည် အမျိုးသားကာကွယ်ရေးဖြစ်ပြီး စစ်တပ်မှတစ်ဆင့် တံတိုင်းတည်ဆောက်ရန် တောင်းဆိုသည့်စာကို ထရန့်က Twitter တွင် ရေးသားခဲ့သည်။

သို့သော် ဌာနများသည် ကွန်ဂရက်၏ ခွင့်ပြုချက်မရဘဲ ရန်ပုံငွေများအား ပြန်လည်စီစဉ်သုံးစွဲရန် အခွင့်အာဏာသည် အကန့်အသတ်နှင့်သာရှိသည်။

နောက်ဆုံးအချိန်၌ အပေးအယူ ညှိနှိုင်းမှုတွင် နယ်စပ်တံတိုင်းအတွက် ၎င်းတောင်းဆိုထားသည့် ဒေါ်လာ ၂၅ ဘီလျံ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ထရန့်သည် အသုံးစရိတ် ဥပဒေကြမ်းအား ဗီတိုသုံး၍ ပယ်ချမည်ဟု မတ် ၂၃ ရက်တွင် ခြိမ်းခြောက်ခဲ့သေးသည်။ ဒေါ်လာ ၁ ဒသမ ၃ ထရီလျံ ပါဝင်သော ယင်းအသုံးစရိတ်ဥပဒေကြမ်းတွင် နယ်စပ်တံတိုင်းများအတွက် အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ပါဝင်သည်။ သို့သော် ယင်းသည် တံတိုင်းသစ်များ ထပ်မံတည်ဆောက်ရန် မဟုတ်ဘဲ ရှိပြီးသား အပိုင်းများအား ပြန်လည်ပြုပြင်ရာတွင်သာ သုံးစွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် တည်ဆောက်နိုင်မည့် တံတိုင်းအမျိုးအစားများကို ကွန်ဂရက်က ကန့်သတ်ထားသည်။

မက္ကဆီကိုနှင့်နယ်စပ်၌ တံတိုင်းများ တည်ဆောက်ရာတွင် ကျန်သောအပိုင်းများအတွက် ပင်တဂွန်က ကျခံပေးရန်စိတ်ကူးကို ထရန့်က Twitter တွင် မတ် ၂၅ ရက်၌ စတင်ရေးသားစဉ် အမေရိကန်ပြည်သူအများအပြားကို ရှုပ်ထွေးစေခဲ့သည်။ ထရန့်က ယင်းစာများကို မတ် ၂၆ ရက် ညတွင် ထပ်တင်ခဲ့သေးသည်။ ထိုနယ်စပ်တံတိုင်းများ တည်ဆောက်ရန်အတွက် ပြည်သူထံမှ ရန်ပုံငွေကောက်ခံမည့် GoFundMe အစီအစဉ်ကို ထရန့်နှင့် နီးစပ်သူအချို့က အကြံပြုခဲ့ကြသည်။

မက္ကဆီကိုနှင့် နယ်စပ်၌ တံတိုင်းများ တည်ဆောက်ရေးသည် ထရန့်၏ ထိပ်တန်း မဲဆွယ်ကတိများအနက် တစ်ခုဖြစ်ပြီး ၎င်း၏မဲဆွယ်စုဝေးမှုများ၌ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သည်။

အဆိုပါ တံတိုင်းအတွက် မက္ကဆီကိုမှ ကျခံပေးရန် ထရန့်က အဆိုပြုခဲ့ဖူးသော်လည်း မက္ကဆီကိုက ကျခံပေးရန်မရှိဟု ပယ်ချထားသည်။ မက္ကဆီကိုမှ ဝင်ရောက်သူများ၏ ဗီဇာကြေးများအား တိုးမြှင့်ခြင်း၊ သွင်းကုန်စည်းကြပ်ခွန်များ တိုးကောက်ခြင်း၊ ပြန်ပို့ငွေများအား ပစ်မှတ်ထားခြင်း ကဲ့သို့သော နည်းလမ်းများမှတစ်ဆင့် နယ်စပ်တံတိုင်းအတွက် မက္ကဆီကိုက သွယ်ဝိုက်ကျခံစေရန် အစီအစဉ်များကိုလည်း ထရန့်က အဆိုပြုထားသည်။

Ref: AP

Most Read

Most Recent