Apple က ကျောင်းသားများအတွက် ရည်ရွယ်၍ ဈေးသက်သာသည့် iPad အသစ်ကို မိတ်ဆက်

Apple က ကျောင်းသားများအတွက် ရည်ရွယ်၍ ဈေးသက်သာသည့် iPad အသစ်ကို မိတ်ဆက်
Published 29 March 2018

မတ် ၂၇ ရက်က ချီကာဂိုမြို့တွင် Lane Tech College Prep High School ၌ Apple အမှုဆောင်အရာရှိချုပ် တင်ကွတ်က စကားပြောနေစဉ် (Photo: AFP)

ကယ်လီဖိုးနီးယား အခြေစိုက် နည်းပညာလုပ်ငန်းကြီး Apple သည် မတ် ၂၇ ရက်က ပညာရေးဈေးကွက်အတွက် ရည်ရွယ်သည့် သင်ပုန်းကွန်ပျူတာ iPad သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

Apple သည် Google က လွှမ်းမိုးထားသော စာသင်ခန်း နည်းပညာဈေးကွက်ကို ပြန်လည်ယှဉ်ပြိုင်ရန်အတွက် ဈေးချိုသည့် iPad အသစ်ကို ပြသခဲ့ပြီး ကျောင်းများအတွက် ၂၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ပြင်ပမှ သုံးစွဲသူများအတွက် ၉ ဒသမ ၇ လက်မ iPad ကို ၃၂၉ ဒေါ်လာဖြင့် Apple က ရောင်းချမည်ဖြစ်သည်။

Apple ၏ iPad အသစ်သည် လက်ရေးမှတ်တမ်းများနှင့် ပုံဆွဲရန်အတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး ၉၉ ဒေါ်လာတန် Apple Pencil ကို အသုံးပြုနိုင်သည့် iPad အသစ်သည် ကျောင်းသားများအတွက် ဖန်တီးနိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း ဖြစ်စေမည်ဟု Apple ဈေးကွက်ထိုးဖောက်ရေးဌာန ဒုဥက္ကဋ္ဌ ဖီးလစ်ရှီလာက ပြောကြားခဲ့သည်။

Apple ၏ iPad အသစ်များနှင့် ဆော့ဖ်ဝဲသစ်များကြောင့် သင်ယူမှုနှင့် ဖန်တီးမှုတို့ကို ပို၍ကောင်းမွန်စေမည်ဖြစ်ကြာင်း ၎င်းက ပြောကြားခဲ့သည်။

ချီကာဂိုတွင် ကျင်းပသော ထုတ်ကုန်သစ်မိတ်ဆက်ပွဲတွင် Everyone Can Create ဟု အမည်ပေးထားသော ကျောင်းသုံးသင်ရိုးတစ်ခုကိုလည်း Apple က မိတ်ဆက်ခဲ့သည်။

Apple ၏ ဒစ်ဂျစ်တယ်သင်ရိုးသစ်က ပုံဆွဲခြင်း၊ ဂီတဖန်တီးခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်းတို့ကို သင်ခန်းစာများတွင် အလွယ်တကူ ဆောင်ရွက်နိုင်ရန် ဆရာများကို အထောက်အပံ့ပေးမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသားများ၏ တိုးတက်မှုကို စောင့်ကြည့်ရန်၊ သင်ခန်းစာများ ပေးအပ်ရန်တို့ ဆောင်ရွက်နိုင်သည့် Schoolwork ဟု အမည်ပေးထားသော ဆော့ဖ်ဝဲသစ်တစ်ခုကိုလည်း Apple က ကြေညာခဲ့သည်။

Apple သည် ယခင်က ပညာရေးဈေးကွက်တွင် ဦးဆောင်သူဖြစ်ခဲ့သော်လည်း မကြာသေးခင်နှစ်များအတွင်း၌ Google ၏ နောက်တွင် ကျန်ရစ်နေခဲ့သည်။ အမေရိကန်ကျောင်းများသို့ ရောင်းချခဲ့သည့် မိုဘိုင်းကွန်ပျူတာသစ်များအနက် ရာခိုင်နှုန်း ၆၀ သည် Google ၏ ထုတ်ကုန်များဖြစ်ကြသည်။

Apple က အမေရိကန်ကျောင်းများသို့ ရောင်းချသည့် ဈေးကွက်ဝေစုသည် ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း Futuresource Consulting အဖွဲ့က ဆိုသည်။

Google ၏ Chrome OS ကို အသုံးပြုသည့် ကျောင်းသုံးမိုဘိုင်းကွန်ပျူတာများသည် အမေရိကန်ဈေးကွက်ကို လွှမ်းမိုးထားသည်။ Google ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Acer က မတ် ၂၆ ရက်တွင် ၉ ဒသမ ၇ လက်မ သင်ပုန်းကွန်ပျူတာသစ်ကို မိတ်ဆက်ခဲ့ပြီး ယင်းကွန်ပျူတာသည် Chrome OS ကို အသုံးပြုသော ပထမဆုံးသင်ပုန်းကွန်ပျူတာ ဖြစ်လာခဲ့သည်။

Ref: AFP

Most Read

Most Recent