ဘင်္ဂလားဒေ့ရှ်၌ ဘင်္ဂါလီမွတ်စလင်တို့ မှောင်ခိုတင်သွင်းသော စိတ်ကြွမူးယစ်ဆေးများ မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်၌ ဘင်္ဂါလီမွတ်စလင်တို့ မှောင်ခိုတင်သွင်းသော စိတ်ကြွမူးယစ်ဆေးများ မြင့်တက်လာ
Published 29 March 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီယာခရိုင်ရှိ ဂျယ်ပါတိုလီဒုက္ခသည်စခန်း၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (Photo: AFP)

မြန်မာနိုင်ငံမှ စုပြုံရောက်ရှိလာသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များက မှောင်ခိုတင်သွင်းမှု မြင့်တက်လာသောကြောင့် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သုံးလခန့်အတွင်း စိတ်ကြွမူးယစ်ဆေးပြား ကိုးသန်းနီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ပိုင်းခြားထားသော မေယုမြစ်အတွင်း ငါးဖမ်းသင်္ဘောများကို အရှိန်မြှင့်စီးနင်း ဖမ်းဆီးခဲ့ရာ ဘင်္ဂလားဒေ့ရှ်လူငယ်များအကြား ထိုးဖောက် ဝင်ရောက်နေသည့် စိတ်ကြွမူးယစ်ဆေးပြားများကို အမြောက်အမြား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

နယ်စပ်မြို့ တက်နက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB သည် ဇန်နဝါရီ ၁ ရက်မှစပြီး စိတ်ကြွမူးယစ်ဆေးပြား ၅ ဒသမ ၁၆ သန်းကို ဖမ်းဆီးရမိခဲ့ပြီး ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များက စိတ်ကြွမူးယစ်ဆေးပြား ၃ ဒသမ ၄၇ သန်းကို ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ် ၁၅ ရက်က စီးနင်းမှုတစ်ခုတွင် မေယုမြစ်အတွင်း အထုပ်လေးထုပ်ဖြင့် စွန့်ပစ်ထားခဲ့သော ယာဘဆေးပြား ၁ ဒသမ ၈ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီး အာဆာဒုဇာမန်ချောင်ဒူရီက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“BGB က ဖမ်းဆီးရမိသမျှထဲမှာ ဒီဖမ်းဆီးမှုက အကြီးမားဆုံးပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့များသည် မတ်လအတွင်း ဘင်္ဂါလီမွတ်စလင် ခုနစ်ဦး အပါအဝင် မှောင်ခိုသမား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။ ဘင်္ဂလားပင်လယ်အော်ကို ကင်းလှည့်နေကြသော ကမ်းရိုးတန်းစောင့် တပ်ဖွဲ့များသည် ယခုလအတွင်း မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး ငါးဖမ်းလှေတစ်စင်းပေါ်မှ ဆေးပြားသုံးသိန်းခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့သော ဘင်္ဂါလီမွတ်စလင်များအတွက် စိတ်ကြွမူးယစ်ဆေးပြားများသည် လွယ်လွယ်ရသော အဓိကဝင်ငွေအရင်းမြစ်တစ်ခု ဖြစ်လာနေသည်။

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များသည် ဆေးပြားသယ်ဆောင်သူများအဖြစ် ဆောင်ရွက်ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ရှိ မူးယစ်ဆေးရောင်းချသူများထံ လွှဲပြောင်းပေးနေကြောင်း၊ ယင်းဆေးပြားများသည် ဘင်္ဂလားဒေ့ရှ်ရှိ အဓိကမြို့ကြီးများတွင် ပျံ့နှံ့နေကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ဖြစ်နေသော မေယုမြစ်၏ ၃၃ မိုင်နယ်ခြားကို ကင်းလှည့်ရန်ခက်ခဲမှုကြောင့် မူးယစ်ဆေး မှောင်ခိုကူးမှုသည် ကြီးထွားလာနေကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်နှင့် မူးယစ်ဆေးနှိမ်နင်းရေး တပ်ဖွဲ့များက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

မြန်မာနယ်စပ်ဘက်ရှိ ရေချိုးခန်း အရွယ်အစားသာရှိသော ဓာတ်ခွဲခန်းများတွင် စိတ်ကြွမူးယစ်ဆေးများကို ထုတ်လုပ်နေကြကြောင်း ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနယ်စပ်တွင် အမေရိကန်ငွေဆင့် ၂၀ ဖြင့် ဝယ်ယူနိုင်သော မူးယစ်ဆေးပြား တစ်ပြားကို ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် သုံးဒေါ်လာ၊ လေးဒေါ်လာထိ ဈေးရရှိကြောင်း ချောင်ဒူရီက ရှင်းပြခဲ့သည်။

Ref: AFP