တရုတ်ခြိမ်းခြောက်မှု ကြုံနေရစဉ် ထိုင်ဝမ်သို့ F-35 တိုက်လေယာဉ်များ ရောင်းချရန် အမေရိကန်အမတ်များ ဖိအားပေး

တရုတ်ခြိမ်းခြောက်မှု ကြုံနေရစဉ် ထိုင်ဝမ်သို့ F-35 တိုက်လေယာဉ်များ ရောင်းချရန် အမေရိကန်အမတ်များ ဖိအားပေး
Published 29 March 2018

၂၀၁၇ ခုနှစ် ဇွန် ၁၆ ရက်က ပါရီအပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲမတိုင်မီ F-35 တိုက်လေယာဉ်တစ်စင်း ပျံသန်းနေမှုအား တွေ့ရစဉ် (Photo: AFP)

ထိုင်ဝမ်သို့ လော့ဟိမာတင်ကော်ပိုရေးရှင်း၏ F-35 တိုက်လေယာဉ်များအား ရောင်းချရန် အမေရိကန်ရီပက်ဘလီကင် အထက်လွှတ်တော်အမတ်နှစ်ဦးက သမ္မတဒေါ်နယ်ထရန့် အစိုးရအား မတ် ၂၆ ရက်တွင် တောင်းဆိုခဲ့ပြီး ယင်းရောင်းချမှုသည် တရုတ်၏ခြိမ်းခြောက်မှု ရင်ဆိုင်နေရစဉ် ထိုင်ဝမ်ဒီမိုကရေစီ တည်မြဲစေရန် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ လွတ်လပ်ရေးလိုလားသော Democratic Progressive Party (DPP) မှ ဆန်အင်းဝမ်က အနိုင်ရခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အုပ်ချုပ်သော ထိုင်ဝမ်ကို တရုတ်၏ ရန်လိုမှု မြင့်တက်လာခဲ့သည်။ တရုတ်က ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာ ပြောကြားထားသည်။

F-35 တိုက်လေယာဉ်များသည် ထိုင်ဝမ်၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးကို အပြုသဘော သက်ရောက်မည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတစ်ဝန်း၌ တရုတ်၏ ရန်လိုသော စစ်ဘက်ရပ်တည်မှုကို ဟန့်တားရန်အတွက် လိုအပ်ကြောင်း အများစုခေါင်းဆောင်၏ လက်ထောက် အထက်လွှတ်တော်အမတ် ဂျွန်ကော်နင်းနှင့် အထက်လွှတ်တော် လက်နက်ကိုင်ရေးရာကော်မတီ ထိပ်တန်းအဖွဲ့ဝင် ဂျိမ်းစ်အင်ဟိုဖီတို့က ထရန့်ထံ စာရေးသား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စစ်တပ်ခေတ်မီစေရန်အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်သည် ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ကို စစ်ပွဲဆင်နွှဲနိုင်သည့်စွမ်းရည်ကို ပြသခဲ့ကြောင်း ၎င်းတို့က ရေးသားခဲ့သည်။

သို့သော် သမ္မတထရန့်၏ ဦးဆောင်မှုဖြင့် ထိုင်ဝမ်အား ဒီမိုကရေစီအဖြစ် ဆက်လက်တည်ရှိနိုင်ရန်၊ စစ်ရေးအကျပ်ကိုင်မှုကြောင့် မဟုတ်ဘဲ တရုတ်နှင့် ဆက်ဆံရေးကို လွတ်လပ်စွာ ထူထောင်ရန်အတွက် ထိုင်ဝမ်ကို ကူညီနိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ယင်းစာတွင် ရေးသားခဲ့သည်။

ထိုင်ဝမ်စစ်တပ်အား ၄၈ နာရီအတွင်း အလုပ်မဖြစ်စေရန်အတွက် ဟန့်တားနိုင်မည့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှု အပါအဝင် တရုတ်သည် ထိုင်ဝမ်အား တိုက်ခိုက်ရာတွင် လွယ်ကူသည့်အကြောင်းကို အငြိမ်းစားတရုတ်ဗိုလ်ချုပ် ဝမ်ဟောင်ကွမ်က အစိုးရသတင်းစာ ဂလိုဘယ်တိုင်းမ်တွင် မတ် ၂၇ ရက်၌ ရေးသားခဲ့သည်။ တိုင်ပေအပြင်ဘက်ရှိ ထိုင်ဝမ်အဓိကကွပ်ကဲစင်တာအား ဂူဂဲမြေပုံများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားရာ ထိပ်ပြောင်နေသူ၏ခေါင်းမှ သန်းများကို ဖယ်ရှားသလို ဖြစ်နေမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

အမေရိကန်ထိပ်တန်းတာဝန်ရှိသူများအား ထိုင်ဝမ်ထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အားပေးသည့် ဥပဒေကြမ်းတစ်ရပ်ကို ထရန့်က ယခုလတွင် လက်မှတ်ထိုးခဲ့မှုအတွက် တရုတ်က ဒေါသထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျက်လေယာဉ်များ ရောင်းချပါက ပေကျင်းနှင့် တင်းမာမှုကို ပိုမိုမြင့်တက်စေနိုင်သည်။

လော့ဟိမာတင်သည် ပြီးခဲ့သောနှစ်တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံသို့ F-35 တိုက်လေယာဉ် ၆၆ စင်း ပေးပို့နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်၏ လျာထားချက်ကို ပြည့်မီခဲ့သည်။

Ref: Reuters

Most Read

Most Recent