ဗြိတိန်တွင် ရုရှားသူလျှိုဟောင်း အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရုရှားသံတမန်များအား နှင်ထုတ်

ဗြိတိန်တွင် ရုရှားသူလျှိုဟောင်း အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရုရှားသံတမန်များအား နှင်ထုတ်
Published 27 March 2018

မတ် ၂၆ ရက်က ဝါရှင်တန်ရှိ ရုရှားဖက်ဒရေးရှင်း သံရုံးထဲသို့ဝင်ရောက်နေသည့် ယာဉ်နှစ်စီးကို တွေ့ရစဉ်(Photo: AFP)

ဗြိတိန်မြေပေါ်တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်းနှင့် ၎င်း၏ သမီးဖြစ်သူတို့ အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုတွင် ရုရှားက ပါဝင်ခဲ့သည်ဟု စွပ်စွဲလျက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သော ဥရောပသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများက မတ် ၂၆ ရက်တွင် ဒါဇင်များစွာသော ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ကြသည်။ အမေရိကန်သည် နိုင်ငံတစ်ဝန်း၌ ရုရှားသူလျှိုများအဖြစ် ဆောင်ရွက်နေသည်ဟု သံသယရှိသူ ၆၀ နှင့် ကုလသမဂ္ဂရှိ ရုရှားမစ်ရှင်တို့ကို နှင်ထုတ်ခဲ့သည်။ ထို့ပြင် ဆီယက်တယ်ရှိ ရုရှားကောင်စစ်ဝန်ရုံးသည် အနီးရှိ Kitsap ရေငုပ်သင်္ဘောစခန်းနှင့် ဘိုးရင်းကုမ္ပဏီတို့အား သူလျှိုပြုလုပ်နေသည်ဟု စွပ်စွဲလျက် အမေရိကန်က ပိတ်ပစ်ခဲ့သည်။

ရုရှားသူလျှိုဟောင်းအား အဆိပ်ဖြင့် တိုက်ခိုက်မှုသည် အဆင်ခြင်မဲ့သော လုပ်ရပ်ဖြစ်သည်ဟုဆိုလျက် ကနေဒါကလည်း ရုရှား သံတမန်လေးဦးအား နှင်ထုတ်ခဲ့သည်။

မော်စကိုအား ဘုံသဘောတူညီချက်တစ်ခုအတွင်းမှ ပူးပေါင်းတုံ့ပြန်ရန် ဥရောပကောင်စီက ပြီးခဲ့သော သီတင်းပတ်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့အပြီး ဥရောပသမဂ္ဂအဖွဲ့ ဝင် ၁၅ နိုင်ငံက ရုရှားသံတမန် စုစုပေါင်း ၃၀ အား နှင်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ လာမည့်ရက်များနှင့် သီတင်းပတ်များ၌လည်း ထပ်မံ နှင်ထုတ်မှုများ အပါအဝင် အခြားအရေးယူ ဆောင်ရွက်မှုများရှိနိုင်ကြောင်း ဥရောပသမဂ္ဂဥက္ကဋ္ဌ ဒေါ်နယ်တက်က ပြောကြားခဲ့သည်။

ရုရှားသူလျှိုဟောင်း အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအတွက် ဗြိတိန်က ရုရှားသံတမန် ၂၃ ဦးအား နှင်ထုတ်ခဲ့ပြီးဖြစ်ပြီး ရုရှားကလည်း အလားတူ တုံ့ပြန်ထားခဲ့သည်။ ရုရှားသံတမန်များအား နိုင်ငံထဲမှ နှင်ထုတ်မှုတွင် ဥရောပသမဂ္ဂအပြင်ဘက်မှ နိုင်ငံများလည်း ပါဝင်ခဲ့ပြီး အယ်ဘေးနီးယားက နှစ်ဦးနှင့် ယူကရိန်းက ရုရှားသံတမန် ၁၃ ဦးတို့ကို နှင်ထုတ်မည် ဖြစ်သည်။ လူတစ်ဦးချင်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ တိုးချဲ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု များကျူးလွန်ခဲ့မှုအတွက် ရုရှားအား ပြန်လည် ပေးဆပ်စေမှုတိုးမြှင့်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုက တောင်းဆိုခဲ့သည်။

မတ်လအစောပိုင်းတွင် ဗြိတိန်ရှိ Salisbury မြို့၌ ရုရှားသူလျှိုဟောင်း ဆာဂေးဆက်ကရီပါနှင့် သမီးဖြစ်သူတို့ အဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအတွက် လာမည့်ရက်များအတွင်း နောက်ထပ်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နှင်ထုတ်မှုများ ထပ်မံလုပ်ဆောင်နိုင်ကြောင်း ဥရောပသမဂ္ဂ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဘရပ်ဆဲတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ ထိပ်သီး၌ မိန့်ခွန်းပြောခဲ့ပြီးနောက် ယခုကဲ့သို့ နှင်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent