လက်ရှိသမ္မတစီစီက အနိုင်ရရန် သေချာနေသည့် အီဂျစ်သမ္မတရွေးကောက်ပွဲ စတင်

လက်ရှိသမ္မတစီစီက အနိုင်ရရန် သေချာနေသည့် အီဂျစ်သမ္မတရွေးကောက်ပွဲ စတင်
Published 27 March 2018

မတ် ၂၂ ရက်က ကိုင်ရိုရှိ တဟီရာရင်ပြင်၌ သမ္မတစီစီ၏ မဲဆွယ်ပိုစတာများအား ချိတ်ဆွဲထားစဉ် (Photo: AFP)

အီဂျစ်တွင် လက်ရှိသမ္မတ အဗ္ဗဒယ်ဖာတာအယ်စီစီနှင့် ပြိုင်ဘက်ဖြစ်ကြောင်း ပြသရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် မထင်မရှား ပြိုင်ဘက်တို့အနက် တစ်ဦးကို ရွေးချယ်ရမည့် သမ္မတရွေးကောက်ပွဲအား မတ် ၂၆ ရက်တွင် ကျင်းပခဲ့သည်။ သုံးရက်ကြာ ကျင်းပမည့် ယင်းရွေးကောက်ပွဲအတွက် မဲရုံများအား ဒေသစံတော်ချိန်နံနက် ၉ နာရီ၌ စတင်ဖွင့်လှစ်ခဲ့ပြီး စီစီသည် နောက်ထပ် လေးနှစ်သက်တမ်းကို အနိုင်ရမည်ဟု ရှုမြင်ခံထားရသည်။

သမ္မတစီစီသည် ပထမဆုံး မဲထည့်သူများတွင် ပါဝင်ခဲ့ပြီး မြို့တော်ကိုင်ရိုရှိ စာသင်ကျောင်းတစ်ကျောင်း၌ မဲရုံတွင် လုံခြုံရေး တင်းကျပ်ထားစဉ် စီစီက မဲလာထည့်မှုကို ရုပ်သံများက ထုတ်လွှင့်ခဲ့ကြသည်။ မဲရုံများအား ကာကွယ်ပေးရန် နိုင်ငံတစ်ဝန်း၌ လုံခြုံရေးများ ချထားခဲ့ပြီး ကိုင်ရိုတစ်ဝိုက်ရှိ နေရာအများအပြားတွင်လည်း သံချပ်ကာယာဉ်များဖြင့် စောင့်ကြပ်နေခဲ့သည်။

စစ်သားနှင့် အရပ်သားရာပေါင်းများစွာအား သတ်ဖြတ်ခဲ့သော IS အဖွဲ့၏အီဂျစ်အဖွဲ့ခွဲက ရွေးကောက်ပွဲအဆောက်အအုံများအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။ မတ် ၂၄ ရက်တွင် အလက်ဇန္ဒရီရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြည်နယ်လုံခြုံ ရေးခေါင်းဆောင်အား ပစ်မှတ်ထားသော ကားဗုံးခွဲတိုက်ခိုက်မှုတွင် ရဲနှစ်ဦး သေဆုံးခဲ့သည်။

အာရပ်အများဆုံးနေထိုင်သော အီဂျစ်တွင် မတ် ၂၆၊ ၂၇၊ ၂၈ ရက်တို့၌ ကျင်းပမည့် ယင်းရွေးကောက်ပွဲ၌ မဲပေးရန် လူသန်း ၆၀ ခန့်က မှတ်ပုံတင်ထားကြပြီး တရားဝင်ရလဒ် များအား ဧပြီ ၂ ရက်တွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။ စီစီ တစ်ဦးတည်း ယှဉ်ပြိုင်ရမည့်ရွေးကောက်ပွဲအဖြစ်မှ ရှောင်လွဲှနိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ရက် မတိုင်မီကမှ မှတ်ပုံတင်ခဲ့သည့် မူဆာမိုစတာဖာမူဆာက စီစီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံမတင်မီအထိ စီစီက ပြန်လည်ရွေးချယ်ခံရရန် မဲဆွယ်မှုများ၌ ဦးဆောင်ခဲ့ဖူးသည့် မူဆာက သူသည် ရုပ်သေးရုပ်မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။

သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ပြီးနောက် မကြာမီ ပြီးခဲ့သောဇန်နဝါရီတွင် ထိန်းသိမ်းခံခဲ့ရသော စစ်ဦးစီးချုပ်ဟောင်း ဆာမီအနန်အပါအဝင် အခြားကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ မှ နုတ်ထွက်ခဲ့ကြသည်။ အငြိမ်းစား စစ်ဦးစီး ချုပ်ဟောင်းသည် ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု တရားမဝင်ကြေညာပြီး ဥပဒေချိုး ဖောက်ခဲ့သည်ဟု စစ်တပ်က စွပ်စွဲခဲ့သည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ စီစီသည် အီဂျစ်၏ ပထမဆုံးရွေးကောက်ခံ အစ္စလာမ္မစ်သမ္မတ မိုဟာ မက်မော်စီအား ရာထူးမှဖယ်ရှားနိုင်ခဲ့ပြီး နောက် ၂၀၁၄ ခုနှစ်တွင် ပထမသက်တမ်းကို အနိုင်ရခဲ့သည်။

၂၀၁၄ ခုနှစ်က ရွေးကောက်ပွဲ၌ စီစီသည် မူဆာထက် ပို၍လူသိများသော လက်ဝဲယိမ်း နိုင်ငံရေးသမား ဟမ်ဒီးဆက်ဘာဟီ နှင့် ရင်ဆိုင်ခဲ့ရပြီး စီစီက ထောက်ခံမဲ ၉၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ ယခုရွေး ကောက်ပွဲတွင်မူ မဲလာပေးသူအရေအတွက် သည် ၃၇ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ခြေမရှိဟု လေ့လာသူ မိုစတာဖာကာမယ်အယ်ဆာယက်က ပြောကြားခဲ့သည်။

Most Read

Most Recent