မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှု အစစ်အမှန်ဖြစ်ပြီး စုပေါင်းဖြေရှင်းကြရန် အိုဘားမား တိုက်တွန်း

မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှု အစစ်အမှန်ဖြစ်ပြီး စုပေါင်းဖြေရှင်းကြရန် အိုဘားမား တိုက်တွန်း
Published 26 March 2018

မတ် ၂၅ ရက်က တိုကျိုရှိ ဂျင်ရပ်ကွက်ထဲမှ ဆူရှီဆိုင်တစ်ခု၏ရှေ့တွင် ဓာတ်ပုံရိုက်ခံနေကြသည့် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Photo- AFP)

မြောက်ကိုရီးယားသည် ခြိမ်းခြောက်မှု အစစ်အမှန်ဖြစ်ပြီး ယင်းကို အဖြေရှာရန် နိုင်ငံတကာ၏ ပူးပေါင်းမှုလိုအပ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ဂျပန်နိုင်ငံသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ဖြစ်ပေါ်လာနိုင်သော မြောက်ကိုရီးယား၏ ဒုံးကျည်တိုက်ခိုက်မှုရန်မှ ဒေသတွင်းနိုင်ငံများကို ကာကွယ်ပေးရန်အတွက် ကာကွယ်ရေးစနစ်တစ်ခု ထားရှိနိုင်ရေးမှာ သေချာရန် အမေရိကန်အတွက် လိုအပ်သည်ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

လက်နက်စီမံကိန်းနှင့် ပစ်လွှတ်မှုစနစ်များကို တည်ဆောက်နေသော မြောက်ကိုရီးယားသည် စစ်မှန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်းအတွက် သာမကဘဲ ကမ္ဘာတစ်ဝန်းလုံးအတွက် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း အိုဘားမားက တိုကျိုတွင် ပြောခဲ့သည့်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

“အခုအချိန်အထိတော့ သိသိသာသာ တိုးတက်မှုမျိုးကို မတွေ့ရသေးပါဘူး။ ဒါပေမဲ့ သတိပြုဖို့ အရမ်းအရေးကြီးတာတစ်ခုကတော့ ဒီပြဿနာကို တစ်ဦးတည်း ဖြေရှင်းလို့ မရဘူးဆိုတာပါပဲ။ ကျွန်တော်တို့အားလုံး အတူတကွ လုပ်ဆောင်မှ ထိရောက်မှုရှိမှာ ဖြစ်ပါတယ်” ဟု သမ္မတဟောင်းက အလေးပေး ပြောကြားသွားခဲ့သည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာစံနှုန်းများမှ ကာလရှည်ကြာ ဖယ်ကြဉ်ခံထားရပြီး ကမ္ဘာတစ်ဝန်းနှင့်လည်း အဆက်အသွယ် ပြတ်နေသည့်အတွက် ထိုနိုင်ငံအား ဖိအားပေးရေးမှာ ခက်ခဲခဲ့ကြောင်းအိုဘားမားက ဆိုသည်။ အိုဘားမားသည် ၎င်းလက်ထက်အတွင်းက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းသွားစေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သော်လည်း ထိရောက်ခြင်းမရှိခဲ့ပေ။

အာရှခရီးစဉ်သွားရောက်နေသော အိုဘားမားသည် စင်ကာပူ၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့သို့ ရောက်ရှိခဲ့ပြီးပြီဖြစ်သည်။ ထိုအာရှခရီးစဉ်အတွင်း အိုဘားမားသည် လူအာရုံစိုက်ခံရမည့်အရေးမှ အများအားဖြင့် ရှောင်လွှဲခဲ့ကြောင်း သိရသည်။ နယူးဇီလန်ခရီး စဉ်အတွင်းတွင်မူ အိုဘားမားသည် ဝန်ကြီးချုပ်ဟောင်း ဂျွန်ကီးနှင့်အတူ ဂေါက်ရိုက်ခဲ့ပြီး လက်ရှိခေါင်းဆောင်ဖြစ်သည့် ဂျာဆင်ဒါအာဒန်နှင့် တွေ့ဆုံရာတွင်လည်း ကိုယ်ဝန်ရှိနေသည့် အာဒန်ကို မိဘများ လိုက်နာစရာ အချက်အလက်များကို မျှဝေခဲ့သည်ဟု သိရသည်။

မတ် ၂၅ ရက် နှောင်းပိုင်းတွင်မူ အိုဘားမားသည် ဂျပန်ဝန်ကြီးချုပ်ရှင် ဇိုအာဘေးနှင့် နေ့လည်စာစားရန်တွေ့ဆုံကာ ၂၀၁၄ ခုနှစ် က ၎င်းတို့၏ ဆူရှီထိပ်သီးတွေ့ဆုံပွဲ အကြောင်းများကို ပြန်လည်ပြောခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်ကြားတွင် ဆက်သွယ်မှုရရှိရန် တရားဝင်မဟုတ်သော အခွင့်အရေးတစ်ခုဖြစ်သည့် ထိုနေ့လည်စာတွေ့ဆုံမှု တစ်ခုလုံးအတွင်း အိုဘားမားသည် စီးပွားရေးနှင့်  ကုန်သွယ်ရေး အကြောင်းများကိုသာ ပြောနေခဲ့သည်ဟု သိရသည်။

ထို့နောက် နေ့လည်စာစားပွဲအပြီးတွင် အိုဘားမားက ၎င်းကို ဆူရှီကောင်းအချို့တည် ခင်းခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော် အစစ်အမှန်တွင်မူ အိုဘားမားသည် ၎င်းကို တည်ခင်းခဲ့သည့် မီရှယ်လင်းအဆင့်ရှိသော အစားအစာများ၏ ထက်ဝက်ကိုသာ စားခဲ့သည်ဟု သိရသည်။

မတ် ၂၅ ရက်က မိန့်ခွန်းအပြီးတွင် အိုဘားမားကို ၎င်းသမ္မတဖြစ်ခဲ့စဉ်ကာလအတွင်းမှ မည်သည်ကို သတိအရဆုံးဖြစ်သနည်းဟု မေးခဲ့ကြသည်။ “ကျွန်တော်  တစ်ခါတစ်လေတော့ Air Force One လေယာဉ်ကြီးကို သတိရပါတယ်။ ဒါဟာ လေယာဉ်ကောင်းတစ်စင်းပါ။ အထူးသဖြင့် ပစိဖိတ်ကိုဖြတ်ပြီး ပျံသန်းချိန်မှာပေါ့” ဟူ၍ အိုဘားမားက အရွှန်းဖောက်ပြီး ပြောကြားသွားခဲ့သည်။

ထို့ပြင် အိုဘားမားက ၎င်းသည် အိမ်ဖြူ တော်တွင်ရှိစဉ်က အစားအသောက်နှင့် အခြားလိုအပ်သည်များကို ကိုယ်တိုင်ဝယ်ယူရခြင်း ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ “အိမ်ဖြူတော်မှာ အခမဲ့နေရမယ်လို့ သင်တို့ထင်ကြလိမ့်မယ်။ ဒါပေမဲ့ လုံးဝမဟုတ်ပါဘူး။ အိမ်ဖြူတော်မှာနေရတာ အကုန်အကျများတဲ့အကြောင်း ကျွန်တော်ပြောလိုပါတယ်” ဟု အိုဘားမားက ပြောကြားသွားခဲ့သည်။

Ref ; AFP

Most Read

Most Recent