နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည့်အတွက် ကုလအလှူညီလာခံကို မတက်ဟု ဒီအာကွန်ဂိုက ပြောကြား

နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည့်အတွက် ကုလအလှူညီလာခံကို မတက်ဟု ဒီအာကွန်ဂိုက ပြောကြား
Published 25 March 2018

မတ် ၂၀ ရက်က ဒီအာကွန်ဂိုရှိ ကာလီမိုင်တွင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ၏ စခန်းတစ်ခုမှ ကလေးများကို တွေ့ရစဉ် (Photo - AFP)

လာမည့်လတွင် ဒီအာကွန်ဂိုနိုင်ငံအတွက် ဂျီနီဗာ၌ ကျင်းပမည့် အလှူရှင်ညီလာခံတစ်ခုကို တက်မည်မဟုတ်ကြောင်း ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံက မတ်၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂက ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီးဟု ခေါ်ဆိုထားသော အခြေအနေတစ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်သည့် ထိုညီလာခံအတွင်း ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိ ရန်ပုံငွေရှာနိုင်မည်ဟု ရည်မှန်းထားကြသည်။

ကုလသမဂ္ဂသည် လွန်လွန်ကဲကဲ တုံ့ပြန်နေခြင်းဖြစ်ပြီး နိုင်ငံတွင်းမှ အန်ဂျီအိုများ၊ အကူအညီပေးရေးအဖွဲ့များသည် ဒီအာကွန်ဂိုနိုင်ငံ၏ ဆိုးရွားသော ပုံရိပ်များကို ကမ္ဘာအနှံ့သို့ ဝါဒဖြန့်ချိနေကြောင်း ဒီအာကွန်ဂိုဝန်ကြီးချုပ် ဟိုဆေးမာကီလာက ပြောကြားခဲ့သည်။

“ဧပြီ ၁၃ ရက်မှာ ကျင်းပမယ့် ဂျီနီဗာကွန်ဖရင့်မှာပါဝင်ဖို့ ဒီမိုကရက်တစ်ရီပက်ဘ လစ်ကွန်ဂိုနိုင်ငံက ငြင်းပယ်လိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုနိုင်ငံထဲတွင် ဖြစ်ပွားနေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ အဆင့် ၃ ဖြစ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။ ထိုအဆင့်သည် ကုလသမဂ္ဂ၏ အရေးပေါ်အခြေအနေအနက် အမြင့်ဆုံးဖြစ်သည်။

“နိုင်ငံဟာ အရေးပေါ်အခြေအနေ ကြုံနေရတာကို အသိအမှတ်ပြုနေကြပေမယ့် ဒီလိုမျိုး အခြေအနေမျိုး ရင်ဆိုင်နေရတယ်ဆိုတာဟာ ဖွံ့ဖြိုးမှုတွေကို ရပ်တန့်စေပြီး ရင်းနှီးမြုှပ်နှံမှုတွေကို အားလျော့စေပါတယ်” ဟု မာကီလာက ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ် ၂၂ ရက်တွင် တစ်ညီတစ်ညွတ်တည်း သဘောတူထားသော ထုတ်ပြန်ချက်ထဲတွင် ဒီအာကွန်ဂိုထဲ၌ ပြည်သူ ၁၃ ဒသမ ၁ သန်းထက် မနည်းသည် လူသားချင်းစာနာသောအကူအညီ လိုအပ်နေပြီး ၎င်းတို့ထဲမှ ၇ ဒသမ ၇ သန်းသည် စားနပ်ရိက္ခာပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ခံစားနေရသည်ဟု ဖော်ပြခဲ့သည်။ နိုင်ငံတွင်းမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးရသူဦးရေသည် ယမန်နှစ်အတွင်းက နှစ်ဆမြင့်တက်လာကာ လက်ရှိတွင် ၄ ဒသမ ၄ သန်းရှိသွားပြီဖြစ်သည်။

Ref ; AFP

Most Read

Most Recent