Mozilla နှင့် Tesla အပါအဝင် ကုမ္ပဏီအများအပြားက Facebook ကို အသုံးပြုမှု ခေတ္တရပ်နား

Mozilla နှင့် Tesla အပါအဝင် ကုမ္ပဏီအများအပြားက Facebook ကို အသုံးပြုမှု ခေတ္တရပ်နား
Published 25 March 2018

(Photo - AP)

ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်၏ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နှင့် ဆက်နွှယ်နေသော နိုင်ငံရေးအတိုင်ပင်ခံများထံ Facebook အသုံးပြုသူများ၏ အချက်အလက်များ ပေါက်ကြားခဲ့မှုကို ဖော်ထုတ်သိရှိခဲ့ပြီးနောက် Mozilla  ၊ Tesla နှင့် အခြားကုမ္ပဏီ အများအပြားသည် Facebook ကို အသုံးပြုမှု ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ယင်းအရေးယူ ဆောင်ရွက်မှုများသည် အမြဲတမ်းဖြစ်ဖွယ်မရှိဘဲ Facebook ကိုလည်း သက်ရောက်မှု ကြီးကြီးမားမာရှိမည် မဟုတ်ပေ။ သို့သော်လည်း လူမှုမီဒီယာကြီးကို ဆန့်ကျင်သည့် #deletefacebook လှုပ်ရှားမှုကို အရှိန်မြင့်တက်စေခဲ့သည်။

Mozilla က Facebook ကို အသုံးပြုမှု ခေတ္တရပ်နားထားကြောင်း မတ် ၂၀ ရက်က ဘလော့ဂ်တွင် ရေးသားခဲ့သည်။ အင်တာနက်အသုံးပြုဆော့လ်ဝဲ Firebox ကို ဖန်တီးခဲ့သော Mozilla သည် Facebook တွင် ကြော်ငြာတင်မှုကို ရပ်ဆိုင်းထားပြီး Facebook စာမျက်နှာကိုလည်း အသုံးပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း Mozilla သည် ၎င်း၏ Facebook စာမျက်နှာကို ဖျက်ခဲ့ခြင်းမဟုတ်ဘဲ Facebook က အသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန် ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်ခဲ့လျှင် ပြန်လည်အသုံးပြုသွားရန် စဉ်းစားမည်ဖြစ်ကြောင်း Mozilla က ပြောကြားခဲ့သည်။ ဂျာမန်ဘဏ်လုပ်ငန်း Commerzbank ကလည်း Facebook  ကြော်ငြာကို ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်တွင် နည်းပညာလုပ်ငန်းသူဌေးကြီး အီလန်မက်စ်ကသူ၏ ကုမ္ပဏီများဖြစ်သည့် Tesla နှင့် SpaceX တို့အတွက်  Facebook စာမျက်နှာများကို ပိတ်သွားမည်ဖြစ်ကြောင်း Twitter တွင် ရေးသားခဲ့သည်။

မတ် ၂၁ ရက်တွင် Tesla ၏ Facebook သည် သက်ဝင်နေခြင်း မရှိတော့ပေ။ ထို အတွက် မှတ်ချက်ပေးရန် တောင်းဆိုမှုကို Tesla နှင့် SpaceX တို့က မတုံ့ပြန်ခဲ့ပေ။ လောလောဆယ်တွင် Facebook က ပိုင်ဆိုင်သည့် Instagram ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း အီလန်မက်စ်က Twitter တွင် ပြောကြားထားသည်။

အသုံးပြုသူ သန်း ၅၀ ကို သက်ရောက်ခဲ့သော အချက်အလက်များ ပေါက်ကြားခဲ့မှုအတွက် Facebook တည်ထောင်သူ မာ့ခ်ဇက်ကာဘတ်က တောင်းပန်ခဲ့သည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံသူများက Facebook ရှယ်ယာများ ထုတ်ရောင်းမှုကို ၎င်း၏ တောင်းပန်မှုက မတားဆီးနိုင်ခဲ့ပေ။

Facebook ဆန့်ကျင်ရေး သဘောထားများကြောင့် မတ် ၁၉ ရက်တွင် Facebook ၏ ရှယ်ယာတစ်ခုလျှင် ၁၇၆ ဒသမ ၈၀ ဒေါ်လာရှိခဲ့ရာမှ မတ် ၂၂ ရက် ညတွင် ၁၅၉ ဒသမ ၃၀ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။

Facebook သည် ယခုသီတင်းပတ်အတွင်း၌ ရှယ်ယာတန်ဖိုး ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးဖြစ်ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၇၅ ဘီလျံနီးပါး ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် ဥရောပတို့မှ ဥပဒေပြုအမတ်များသည် Facebook ၏ အသုံးပြုသူအချက်အလက်များကို ကိုင်တွယ်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် လိုလားနေကြသည်။

Ref; AFP

Most Read

Most Recent