အီဂျစ်စစ်ဘက်ကို အာဏာပိုမိုချုပ်ကိုင်နိုင်စေရန် နိုင်ငံတကာက ထောက်ပံ့ကူညီပေးခဲ့ဟု စောင့်ကြည့်အဖွဲ့ ထုတ်ပြန်

အီဂျစ်စစ်ဘက်ကို အာဏာပိုမိုချုပ်ကိုင်နိုင်စေရန် နိုင်ငံတကာက ထောက်ပံ့ကူညီပေးခဲ့ဟု စောင့်ကြည့်အဖွဲ့ ထုတ်ပြန်
Published 25 March 2018

မတ် ၁၄ ရက်က မြို့တော်ကိုင်ရိုရှိ တံတားတစ်စင်းပေါ်တွင် သမ္မတ စီစီ၏ မဲဆွယ်ပိုစတာကို တွေ့ရစဉ် (Photo - AP)

နိုင်ငံတကာအသိုင်းအဝိုင်းသည် အီဂျစ် လက်နက်ကိုင်တပ်ဖွဲ့အား အနှောင်အဖွဲ့ နည်းပါးစွာ ထောက်ပံ့ပေးခြင်းဖြင့် အီဂျစ်ပြည်သူများအား အကျိုးမဲ့စေခဲ့ကြောင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က မတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်ကြီးအဖြစ်မှ အီဂျစ်သမ္မတဖြစ်လာခဲ့သည့် အဗ္ဗဒယ်ဖာတာအယ် စီစီက မထင်မရှား နိုင်ငံရေးသမားဖြစ်သော ပြိုင်ဘက်တစ်ဦးနှင့်သာ ရင်ဆိုင်ရပြီး အနိုင်ရရန် သေချာသလောက်ဖြစ်နေသည့် အီဂျစ်သမ္မတရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလို၌ ထိုအစီရင်ခံစာသစ် ထွက်လာခဲ့သည်။

အီဂျစ်စစ်ဘက်သည် အနောက်နိုင်ငံများနှင့် လက်နက်ကုမ္ပဏီများထံမှ ဘဏ္ဍာရေးအထောက်အပံ့နှင့် လုံခြုံရေးအကူအညီများကို ရရှိခဲ့ပြီး ၎င်း၏ အာဏာကို တိုးမြှင့်ချုပ်ကိုင်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ဘာလင်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရခြင်းမရှိသည့် အီဂျစ်စစ်ဘက်သည် နိုင်ငံရေးသြဇာနှင့် စီးပွားရေးရည်မှန်းချက်များအား ချဲ့ထွင်နိုင်ခဲ့ပြီး လျှို့ဝှက်ပြီး တာဝန်မခံသော အင်စတီကျူးရှင်းတစ်ခုဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။

အီဂျစ်စစ်ဘက်၏ နှစ်စဉ်ကာကွယ်ရေး အသုံးစရိတ်သည် ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ ရှိမည်ဟု အဆိုပါအစီရင်ခံစာ၌ ခန့်မှန်းခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်း အီဂျစ်စစ်ဘက်သည် စားသောက်ကုန်၊ စမ်းရေနှင့် မြေယာဖော်ထုတ်မှုကုမ္ပဏီများအပါအဝင် ဧရာမ စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။ အချက်အလက်များအား တရားဝင် အတည်မပြုနိုင်သော်လည်း အီဂျစ်စစ်ဘက်သည် နိုင်ငံစီးပွားရေး၏ ရာခိုင်နှုန်း ၄၀ အထိကို ထိန်းချုပ်ထားကြောင်း အမှီအခိုကင်းသော လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

အဆိုပါ ခန့်မှန်းချက်များအား အီဂျစ်သမ္မတစီစီက ယခုသီတင်းပတ်အစောပိုင်း၌ ပယ်ချခဲ့ပြီး အီဂျစ်လက်နက်ကိုင်တပ်များသည် နိုင်ငံစီးပွားရေး၏ နှစ်ရာခိုင်နှုန်းနှင့် သုံးရာခိုင်နှုန်းကြားသာ ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့သည်။ စီစီသည် အီဂျစ်၏ ပထမဆုံး ရွေးကောက်ခံသမ္မတ မိုဟာမက်မော်စီအား ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီးနောက် အာဏာရလာခဲ့သူ ဖြစ်သည်။

အီဂျစ်သည် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ၌ လက်နက်တင်သွင်းမှု ပဉ္စမအများဆုံးနိုင်ငံဖြစ်ကြောင်း စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အီဂျစ်သည် အမေရိကန်ထံမှ နှစ်စဉ်စစ်ရေး အကူအညီ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကို  ဆက်လက်ရရှိခဲ့သည်။ ယင်းအခြေအနေတွင် အလွန်အမင်းလွှမ်းမိုးနိုင်စွမ်းရှိသော အနောက်နိုင်ငံများသည် လေးနက်သည့် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် တောင်းဆိုရမည့်အစား ပုံမှန်အတိုင်းပင် အီဂျစ်စစ်ဘက်နှင့် စီးပွားရေးလုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ ထို့ပြင် အီဂျစ်ကို ဒေသတွင်း၌ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ယုံကြည်ရသော မိတ်ဖက်ဖြစ်သည်ဟု မှားယွင်းစဉ်းစားနေဆဲဖြစ်ကြောင်း အဆိုပါစောင့်ကြည့်သည့်အဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးဂျိမ်းစ်လင့်ချ်က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent